Saturday, February 15, 2014
အာဖဂန်နစ္စတန် အကျဉ်းထောင် တစ်ခုတွင် ပြစ်ဒဏ် ကျခံနေရသော သူပုန်ဟောင်း အကျဉ်းသား ၆၅ ဦးကို အာဏာပိုင်က ပြန်လည် လွှတ်ပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ဒေါသတကြီး ဝေဖန်ခဲ့သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်းက ဝါရှင်တန်သည် အာဖဂန်နိုင်ငံ၏ တရားစီရင်ရေး အာဏာပိုင်မှုကို ဝင်ရောက် စွက်ဖက်နေသည်ဟု တင်းမာစွာ ပြန်လည် တုံ့ပြန်ခဲ့သည်။
အမေရိကန် ဦးဆောင်သော နိုင်ငံစုံတပ်ဖွဲ့များ ၁၃ နှစ်ကြာ အာဖဂန်တွင် စစ်သွေးကြွများကို တိုက်ခိုက် ပေးခဲ့ပြီးနောက် ပြန်လည် ထွက်ခွာရန် ပြင်ဆင်နေစဉ် အမေရိကန် ပြည်ထောင်စုနှင့် အာဖဂန်အစိုးရတို့ ဆက်ဆံရေး တင်းမာခဲ့ပြီး ယခု အကျဉ်းသားများ ပြန်လည် စေလွှတ်ပေးသည့် သတင်းကြောင့် အခြေအနေကို ပိုဆိုးသွားစေခဲ့သည်။
အာဖဂန် ဘာဂရမ် ထောင်မှ ပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသားများသည် NATO နှင့် အာဖဂန် စစ်သားများ၊ အရပ်သားများကို သတ်ခဲ့သူများ ပါဝင်သည်ဟု အမေရိကန် အရာရှိများက ပြောကြားခဲ့ပြီး သမ္မတ ဟာမစ်ကာဇိုင်းက ငြင်းဆန်ခဲ့သည်။
“အာဖဂန်နစ္စတန်ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပါတယ်။ အာဖဂန် တရားသူကြီးတွေက အကျဉ်းသားကို လွှတ်ပေးသင့်တယ်လို့ ဆုံးဖြတ်ရင် အမေရိကန် ပြည်ထောင်စုနဲ့ မပတ်သက်သလို ဖြစ်လည်း မဖြစ်သင့်ပါဘူး” ဟု ဟာမစ်ကာဇိုင်းက တူရကီနိုင်ငံ မြို့တော် အန်ကာရာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လွှတ်ပေးလိုက်သူ ၆၅ ဦးကို မလွှတ်ပေးခင် သေချာ စိစစ်ခဲ့ကြောင်း အာဖဂန် အရာရှိများက ပြောကြားကြသည်။
အမေရိကန်နှင့် အခြားနိုင်ငံခြား တပ်များသည် ယခုနှစ်အတွင်း ပြန်လည် ထွက်ခွာရန် အချိန်စာရင်း သတ်မှတ်ထားပြီး ဖြစ်ကာ အနည်းငယ်မျှသော စစ်အင်အားကိုသာ ထားရှိကာ စစ်သင်တန်း ပေးခြင်းနှင့် အကြမ်းဖက်မှု တန်ပြန်ခြင်း သင်တန်းပေးခြင်းတို့ကိုသာ ပြုလုပ်စေမည် ဖြစ်သည်။
အကျဉ်းသားများ ပြန်လွှတ်လိုက်ခြင်း ကိစ္စသည် အာဖဂန်နစ္စတန်အတွက် ထောက်ပံ့ကြေးရနေမှုကို ခြိမ်းခြောက်လိုက်သကဲ့သို့ ဖြစ်စေပြီး အမေရိကန် လွှတ်တော် အမတ်များသည်လည်း အာဖဂန် အစိုးရက ၎င်းတို့ကို အကြီးအကျယ် ထောက်ပံ့နေသည့် နိုင်ငံကို ဆက်ဆံပုံနှင့် ပတ်သက်၍လည်း စိတ်မကျေမနပ် ဖြစ်လျက်ရှိသည်။
အာဖဂန်နစ္စတန် သမ္မတသည် အမေရိကန် ပြည်ထောင်စုနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ် ရေးထိုးခဲ့ပြီး ယခုနှစ် နှောင်းပိုင်းတွင် အမေရိကန် စစ်အင်အား တစ်သောင်း ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
၂၀၁၁ ခုနှစ်က အီရတ်တွင် အလားတူ လုံခြုံရေး သဘောတူညီချက်မျိုး ပြုလုပ်ရန် ကြိုးစားခဲ့သော်လည်း မဖြစ်ခဲ့ဘဲ အမေရိကန်တပ်များ လုံးဝ ပြန်ဆုတ်ခဲ့ရကာ ယခုအခါ ဘာသာရေး ပဋိပက္ခများဖြင့် အီရတ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
The Voice Weekly
No comments:
Post a Comment