Saturday, February 08, 2014

အမေရိကန် အကြီးတန်းအရာရှိ စစ်တွေမှာ RNDP ပါတီနဲ့ တွေ့ဆုံ


Saturday, February 08, 2014
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အကြီးတန်း အကြံပေးအရာရှိ Ms. Judith Belth Cefkin နဲ့ အမေရိကန် သံရုံးအရာရှိတွေဟာ ဒီနေ့ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဗဟိုဌာနချုပ်မှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့အတွက် အဓိကထား မေးမြန်းခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“သူတို့လိုချင်တဲ့ အတိုင်းအတာကတော့ ပဋိပက္ခဆက်ဖြစ်တာကို မလိုချင်ဘူး၊ နောက်ပြီးတော့ နိုင်ငံတကာရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ အကူအညီတွေက ဒီရခိုင်ပြည်နယ်အတွင်းကို ရောက်လာစေချင်တယ်၊ အဲဒါကြောင့်မို့ ပဋိပက္ခဖြေရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ပါတီရဲ့အမြင် သဘောထား အဲဒါတွေကိုမေးတာပါ”

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရာမှာ အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ရခိုင်တိုင်းရင်းသားတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်တိုင်းမှာ ရခိုင်တိုင်းရင်းသားတွေ ဘက်ကရပ်တည်ပြီး လူသားချင်း စာနာထောက်ထားကြောင်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုမှုတွေ မရှိခဲ့ဘူးသလို ရခိုင်ပဋိပက္ခကို ဖြေရှင်းရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ လိုလားချက်တွေကို ထည့်သွင်းစဉ်းစားပေးရေးမှာ အဓိကကျကြောင်း တင်ပြပြောဆိုခဲ့တယ်လို့ ဦးခင်မောင်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အကြီးတန်း အကြံပေးအရာရှိ Ms. Judith Belth Cefkin နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်နဲ့ စစ်တွေမြို့တွေမှာ ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေ၊ ရခိုင်နဲ့ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ အမြင်တွေကို မေးမြန်းလေ့လာခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

No comments: