Monday, February 10, 2014
မိုင်းဆတ်-တာချီလိတ် ကားလမ်း၊ မိုင်းကန်းဘီးခွန်ဂိတ်အနီးတွင် ယမန်နေ့က ဗွီဂိုးဖြူနီစပ်ကျား ယာဉ်တစ်စီးအား UWSA`၀´ အဖွဲ့မှ ဂိတ်ကြေးတောင်းစဉ် ပြန်လှည့်သွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါယာဉ်မှာ ကားလမ်း ဘေးသို့ ထိုးကျပြီး ယာဉ်ပေါ်မှ လူ(၂)ဦး ထွက်ပြေးသွားကြောင်း မျက်မြင်ဒေသခံများထံမှ သိရှိရသည်။
`` ဒီမိုင်းကန်းဂိတ်မှာ `၀´ အဖွဲ့တွေက ဘီးခွန်ကောက်တာ ကြာပါပြီ၊ အဲဒီနေ့က ကျွန်တော်က ဆိုင်ကယ်နဲ့ တာချီလိတ်က ပြန်လာတာ၊ ဒီဂိတ်နားရောက်တော့ `၀´အဖွဲ့က ကားတစ်စီးကိုတားနေတာ တွေ့တယ်´´ ဟု မိုင်းဆတ်မြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါ ယာဉ်ပေါ်ပါ လူ(၂)ဦးအား UWSA`၀´ အဖွဲ့က ဘီးခွန်ကြေးတောင်းကြောင်း၊ ထို(၂)ဦးက `၀´ အဖွဲ့အား ထိုင်းနိုင်ငံသုံးဘတ်ငွေ (၁၀၀၀၀၀)ခန့် ပေးသည်ကို လက်မခံဘဲ ထပ်မံတောင်းခံသဖြင့် ကားကို နောက်သို့ ပြန်လှည့် မောင်းသွားချိန်တွင်
UWSA `၀´ အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
`` သေနတ်နဲ့ပစ်တော့ ကျွန်တော်တို့လည်း ကြောက်လန့်ပြီး ၀ပ်နေကြတာပေါ့၊ ငါးချက်လောက် အသံကြားတယ်၊ ကားဘီးကို မှန်ပြီး ကားက လမ်းရဲ့ ဘယ်ဘက်ကို ထိုးဆင်းသွားတာတွေ့တယ်၊ ကားကိုရပ်ပြီး လူ(၂)ယောက် ထွက်ပြေးသွားတာတော့ မြင်တယ် ´´ ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။
`` ဒီဂိတ်က UWSA `၀´အဖွဲ့ဝင်တွေ ဂိတ်ကြေးကောက်တဲ့နေရာပါ၊ ဂိတ်ကို ဖြတ်သမျှ ကားတွေ ၊ ဆိုင်ကယ်တွေကို စစ်ဆေးနေတာတွေ့တယ်၊ ဒီလမ်းကြောင်းမှာကတော့ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခို သမားတွေ လှုပ်ရှားတာ များတယ်၊ `၀´ကညှိပြီး ဖြတ်ခွင့်ပေးနေကြပါ၊ အခုဖြစ်တဲ့ ကိစ္စက သူတို့တောင်းတဲ့ ဂိတ်ကြေး အရမ်းများလို့ မပေး နိုင်တာကြောင့် ပြန်လှည့်သွားတာဖြစ်မှာပါ၊ အဲဒီကားကိုတော့ `၀´ အဖွဲ့က သိမ်းသွားတယ်လို့ ကြားတယ် ´´ ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင်ပတ်သက်၍ မိုင်းဆတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက `` `၀´က သူတို့ တောင်းတာမပေးလို့ ပြန်လှည့်သွားတဲ့ကားကို သေနတ်နဲ့ပစ်တာကတော့ တရားဥပဒေမဲ့လွန်းတယ်လို့ ပြောချင်ပါတယ်၊ တာချီလိတ်-မိုင်းဆတ် ကားလမ်းမှာ ခရီးသည်တွေ သွားလာနေကြ တာလေဗျာ၊ မတော်လို့ သေနတ်မှန်ရင် ဘယ်လိုလုပ်မလဲ၊ ရှင်းရှင်းပြောရရင် `၀´က သူတို့ နယ်မြေထဲမှာ သူတို့ ကြိုက် သလို လုပ်နေတာဗျ၊ တရားမ၀င်လက်နက်တွေကိုင်ပြီး ခရီးသွားပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်နေတဲ့ `၀´ တွေကို ဘာမှမလုပ်ဘဲ ဒီအတိုင်း လွှတ်ထားရင်တော့ ကြာရင် ပိုဆိုးလာလိမ့်မယ် ´´ ဟု ပြောကြားသွား ခဲ့သည်။
အိုက်ပီး
credit to : sai khan
No comments:
Post a Comment