Wednesday, March 12, 2014

ထမင်းအနပ်ပေါင်းများစွာ ကျန်းမာစေဖို့အတွက်

 ထမင်းအနပ်ပေါင်းများစွာ
ကျန်းမာစေဖို့အတွက်
ထမင်းတစ်နပ်ကို
ဟင်းမပါပဲ စားရဲပါတယ်
အကြိမ်ကြိမ် အခါခါပေါ့....။

တောင်ပေါ်မှာ လေယာဉ်ကွင်းတွေနဲ့
ပင်လယ်ပြင် နှင်းတွေဝေအောင်
ဖန်တီး မပေးနိုင်တာကိုလည်း
နားလည်ပါတယ် အမေရယ်...။
အခမဲ့ သင်ကြား မပေးချင်လည်း နေပါ...
နေပူစာလှုံရင်းနဲ့လည်း
သင်ကြားတတ်ပါတယ်..။

အသား၊ ငါးဟင်းတွေ မကျွေးချင်လည်းနေပါ...
ထမင်းဖြူလေးကိုပဲ
အရသာခံစားတတ်ပါတယ် အမေ။

လူကြီးတွေ သိစေချင်တာက
ဟင်းပါအောင် ထည့်မပေးနိုင်တဲ့
သမီးတို့ ဘ၀တွေ
ဘယ်လောက်များ
ဒီနိုင်ငံ တစ်နံတလျားမှာ
များပြားနေသလဲ ဆိုတာပါ...။

အဖေနဲ့ အမေကလေ
မိုးလင်းက မိုးချုပ်
လှုပ်ရှား ရုန်းကန်ရင်း
တစ်နေ့ကို ထမင်းတစ်နပ်လောက်တော့
ဟင်းလေးနဲ့ ကျွေးချင်တယ်တဲ့...။

ဝမ်းသာပါတယ်အမေရယ်...
မိဘတွေရဲ့ စေတနာကို
သေသေချာချာ မြင်ရလို့ပါ။

အခုလည်းလေ....
ထမင်းလေး စားနေရင်း
ဟင်းနံ့လေး ရတယ် အမေ...။

သူများတကာတွေရဲ့ ချိုင့်ထဲက ဖြစ်မှာပါ...။

ဖေဖေက မှာဘူးတယ်...
စာကြိုးစားသမီးရေတဲ့....
ပညာတတ်ကြီး ဖြစ်တဲ့အခါ
ဟင်းကောင်းတွေ စားရတယ်တဲ့...။

တကယ်ပဲလား အမေရယ်...
သမီး ဟင်းနဲ့ စားရရင်
ဘေးက သူငယ်ချင်းတွေကိုလည်း
နည်းနည်းလေး ကျွေးပါရစေ..
အမေ စိတ်မဆိုးနဲ့နော်......။

ကွန်ဆူး မား
credit : မဟာသီဟသူရ ဗလမင်းထင်

No comments: