Tuesday, March 18, 2014

စာနယ်ဇင်းကောင်စီက ကန့်ကွက်ထားသော အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးက တင်သွင်း

Tuesday , March 18 , 2014

နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု မရှိသောကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဥပဒေပြုရန် ကန့်ကွက်ထားသော အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က မတ် ၁၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကို လွှတ်တော်နှင့် သက်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်များက ကြိုတင် ညှိနှိုင်း၍ ထားရန်နှင့် ဥပဒေကြမ်း ကော်မတီက စိစစ်တင်ပြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။
“ပြန်ကြားရေးက ဆွဲတဲ့ ဥပဒေက အများပြည်သူအတွက် လွတ်လပ်တဲ့ မီဒီယာ ဖြစ်လာမှာ မဟုတ်ဘူး။ အစိုးရ အာဘော်၊ နိုင်ငံတော်သမ္မတရဲ့ အာဘော်တွေပဲ ပါလာဦးမှာပဲ။ လွတ်လပ်တဲ့ မီဒီယာတစ်ခု ဖြစ်လာမှာ မဟုတ်ရင် ဒီမိုကရေစီ စံနှုန်းကို သွေဖည်ရာ ရောက်သွားမယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ဆိုသည်။

ဥပဒေကြမ်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းစာ၊ ရုပ်သံ (MRTV) နှင့် မီဒီယာ လုပ်ငန်းများကို အများပိုင် အဖြစ် ပြောင်းလဲရန်နှင့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာကောင်စီ ဖွဲ့စည်းမည့် ကိစ္စများ ပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။

ကောင်စီတွင် အဖွဲ့ဝင် ၁၅ ဦးကို နိုင်ငံတော်သမ္မတက ငါးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ငါးဦးစီ ခန့်အပ်ရမည်ဟု ထည့်သွင်း ရေးဆွဲထားပြီး အတည်ပြုခဲ့ပြီး ဖြစ်သည့် မီဒီယာ ဥပဒေပါ အချက်အလက်များနှင့် ဆက်စပ် ယှဉ်တွဲ၍ စိစစ်သွားရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းသည် နိုင်ငံတကာ မီဒီယာ အသိုင်းအဝိုင်း၏ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု မရှိသောကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဥပဒေပြုရန် ကန့်ကွက်ခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။

The Voice Weekly

No comments: