Monday, March 03, 2014

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ကို စောင့်ကြည့်ရေး ရခိုင်တွင် အဖွဲ့ဖွဲ့

Monday, March 03, 2014

ရခိုင်ပြည်နယ်တွင် လုပ်ငန်း လုပ်ကိုင်ခွင့် ရပ်ဆိုင်း ခံထားရသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) အမှန်တကယ် လုပ်ငန်း ရပ်ဆိုင်းခြင်း ရှိမရှိ စောင့်ကြည့်ရန် စစ်တွေမြို့တွင် သံဃာတော်များ ဦးဆောင်ကာ စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။

MSF ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စစ်တွေမြို့ရှိ စစ်ကဲတော်မင်း ကျောင်းတိုက်တွင် မတ်လ ၂ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေး၌ အဆိုပါ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် သံဃာတော် ခုနစ်ပါး ဦးဆောင်ကာ ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် ပါဝင်လိုသော လူပုဂ္ဂိုလ်များကိုလည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း၊ အစိုးရက MSF ကို ရခိုင်ပြည်နယ်မှ အပ ကျန်နေရာများတွင် လုပ်ကိုင်ခွင့်ပေးပြီး ရခိုင်ပြည်နယ်တွင် ပြန်လည် လုပ်ကိုင်ခွင့်ကို စဉ်းစားမည် ဆိုသဖြင့် စောင့်ကြည့်ရန် ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ဦးသာပွင့်က ပြောဆိုသည်။

“နိုင်ငံခြားသားတွေ ကတော့ သွားပြီ။ တိုင်းရင်းသား ဝန်ထမ်းတွေ ရှိနေသေးတယ်။ အဲဒီ တိုင်းရင်းသားတွေက တိတ်တဆိတ် ဆက်လုပ်မလား စောင့်ကြည့်သွားမယ်” ဟု ၎င်းက ရှင်းပြသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြမ်းဖက် ခံရသည့် မောင်တောမြို့နယ် ဒုချီးရားတန်း အကြမ်းဖက်မှု ဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသည့် ဘင်္ဂါလီများကို ဆေးကုသ ပေးခဲ့ရသည်ဟု နိုင်ငံတကာကို သတင်းမှားများ ထုတ်ပြန်ခြင်းသည် ဒေသတွင်း ပဋိပက္ခကို ပိုမို တင်းမာစေပြီး တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသဖြင့် အစိုးရနှင့် MSF ကြား သက်တမ်းတိုးရန် စီစဉ်နေသည့် နားလည်မှု စာချွန်လွှာ (MoU) ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောဆိုခဲ့သည်။

သို့သော်လည်း ကျန်းမာရေး ဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်မှု MSF ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် လုပ်ကိုင်ခွင့် ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ပြီး ပြည်သူများ၏ လိုလားချက်အရ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အေးချမ်း တည်ငြိမ်လာလျှင် MSF အဖွဲ့၏ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်း စွမ်းဆောင်ချက်များကို ပြန်လည် သုံးသပ်ပြီး ရခိုင်ပြည်နယ်တွင် လုပ်ခွင့်ပေးရန် စဉ်းစားပေးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များကို ပြန်လည် လုပ်ကိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် မတ်လ ၃ ရက်နေ့တွင် MoU ရေးထိုးမည် ဖြစ်ကြောင်း၊ MSF ဆေးကုသ ပေးနေသည့် ရခိုင်ပြည်နယ်ရှိ ဝေဒနာရှင် ထောင်ပေါင်းများစွာ အတွက် စိုးရိမ်ကြောင်း MSF အဖွဲ့က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်ရှိ MSF ၏ ဆေးခန်းများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments: