Thursday, March 13, 2014

မြ၀တီရဲစခန်းရှေ့ သံဃာတော်များ ဆန္ဒပြမှုဖြစ်စဉ် သတင်းအမှန်

Thursday, March 13, 2014

ကရင်ပြည်နယ်မြ၀တီ မြို့နယ်တွင်ရဟန်းသံဃာတော်ယောင်ဆောင်ထားသော တရားခံပြေးအား ရဲစခန်းမှ ဖမ်းဆီးမှုကြောင့် မတ် ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်မှ စ၍ သံဃာတော်များ စုပေါင်းကာ မိုးကုတ်စက်ဝိုင်း ကျောင်းမှ ယုဇနလမ်း ၊ ဘုရင့်နောင်လမ်းအတိုင်း စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြကြောင်း ယင်းမြို့ခံများ ထံမှ သိရပါသည်။

မြ၀တီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့သို့ ဆန္ဒပြသံဃာတော်များ ရောက်ရှိလာရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်မြင့်အား မိကျောင်းကုန်းဆရာတော်မှ ဖမ်းဆီးထားသော ဦးသောဘိတ (ခေါ်) သိန်းဦးအား တွေ့ဆုံခွင့် ပေးရန် တောင်းဆိုမှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဆရာတော်တို့၏ လိုလားချက်များအား ဥပဒေနှင့် အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နောက်နေ့နံနက်တွင် တက္ကသိုလ်ဝင်စာမေးပွဲရှိ၍ ဆရာတော်များအနေဖြင့် ကျောင်းသို့ပြန်၍ အနားယူသင့်ပါကြောင်း လျှောက်ထားရာ အဆိုပါ ရုံးရှေ့မှ ပြန်လည်ထွက်ခွာသွားကြကြောင်း ခရိုင်ရဲတပ်ဖွဲရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“ နောက်တစ်နေ့ ကလေးတွေ စာမေးပွဲရှိတော့ သံဃာတွေဆန္ဒပြတာကို ကြည့်ရင်း အတော်လန့်သွားတယ်၊ ဆန္ဒပြသံဃာတော်တွေ နောက်မှာ DKBA တပ်ဖွဲ့ဝင်တွေက ကားတွေနဲ့ လိုက်လာကြတယ်၊ မြို့ထဲမှ အထိတ် တလန့်ဖြစ်သွားတာပေါ့ ၊ ကလေးတွေလည်း စာကျက်ပျက်သွားတယ် ၊ ရဲစခန်းက ဖမ်းထားတဲ့ ဘုန်းကြီးကလည်း တရားခံပြေးလို့ ပြောသံကြားတယ်၊ ပြီးတော့ သေနတ်တွေနဲ့ ဖမ်းမိတာလို့ ပြောနေကြတာပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြ၀တီရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ “ တရားခံ သိန်းဦး (ခေါ်) ဦးသောဘိတ ဟာ ဘားအံမြို့ ရဲစခန်းကနေ ဆိုင်ကယ်လိမ်လည်ရောင်းစားမှုနဲ့ အလိုရှိနေတဲ့ တရားခံပြေး တစ်ယောက်ဖြစ်ပါတယ်၊ အခုလည်း သင်္ကန်းညီနောင် ရဲစခန်းက ပြစ်မှု ပုဒ်မ (၃၄၃/၄၅၂/၅၀၆) နဲ့ အလိုရှိနေတဲ့ တရားခံဖြစ်လို့ လူဝတ်လဲခိုင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်၊ ဦးသောပိတနှင့်အတူ တရားမ၀င် လက်နက်ကိုင်ဆောင်တဲ့ ညောင်နန်းသာကွက်သစ်နေ အသိမ့် ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြန်လည်ပြော ကြားခဲ့ပါသည်။

တရားခံ သိန်းဦးမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ဘားအံမြို့နေ ရှေ့နေဦးတင်ထွေး၏ ဆိုင်ကယ်အား ငှားရမ်းယူဆောင်ပြီး ကျုံဒိုးမြို့တွင် ငွေကျပ် ငါးသိန်းဖြင့် ပေါင်နှံထွက်ပြေးသွားသူဖြစ်ကြောင်း ပြစ်မှုထင်ရှားသဖြင့် မြို့နယ် သံဃာ့နာယက အဖွဲ့ထံ လျှောက်တင်ပြီး သိက္ခချလူဝတ်လဲ၍ ဖမ်းဆီးခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

မိုးကုတ်စက်ဝိုင်းကျောင်းမှ ဆရာတော်တစ်ပါးကလည်း “ မြို့နယ် သံဃာ့နယကအဖွဲ့မှဆရာတော်ကြီးတွေနဲ့ တွေ့ဆုံပြီးတော့မှ တရားခံကို လူဝတ်လဲခိုင်းတာပါ ၊ ခရိုင်ရဲမှူးရုံးက ဆရာတော်ကြီးတွေကို ဦးသောဘိတ နဲ့ တွေ့ဆုံပေးမယ်လို့ ပြောပါတယ်၊ ဒါပေမယ့် ဆရာတော်ကြီးတွေက တရားခံပြေးဖြစ်ကြောင်း သက်သေခိုင်လုံနေတာကြောင့် တွေ့စရာ မလိုတော့ပဲ တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ မိန့်ကြားခဲ့ပါတယ်၊ အတင်းအကြပ် လူဝတ်လဲခိုင်းပြီး ဖမ်းဆီးတယ်ဆိုတာ မဟုတ်ပါဘူး၊ ဆန္ဒပြတာကတော့ ဖြစ်စဉ်အမှန်ကို မသိလို့ ဖြစ်သွားတဲ့ သဘောပါ ” ဟု မိန့်ကြားသွားခဲ့ပါသည်။

စောကျော်အောင် ( မြ၀တီ )

No comments: