Thursday, March 06, 2014

အရက်ချက်စက်ရုံ စွန့်ပစ်ရေဆိုးများမှ လျှပ်စစ်ထုတ်လုပ်ရန် စမ်းသပ်မှု ရာနှုန်းပြည့်နီးပါး အောင်မြင် ဟုဆို

Thursday, March 06, 2014

အရက်ချက်စက်ရုံမှ ထွက်ရှိသည့် ရေဆိုးများကို ဘိုင်အိုဂက်စ်အဖြစ် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ၉၅ ရာခိုင်နှုန်းခန့် အောင်မြင်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ရွှေဘုရင်မ အရက်ချက်စက်ရုံ မန်နေဂျာ ဦးအောင်လှိုင်ထွန်းက ပြောကြားသည်။

အရက်ချက်စက်ရုံမှ စွန့်ပစ်သည့် ရေဆိုးများကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ပြင်သစ်လူမျိုးက လာရောက် လေ့လာမှု များပြုလုပ်နေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ကာ ရရှိလာသည့် အနည်အနှစ် များကို မြေသြဇာအဖြစ် ပြန်လည် အသုံးပြုရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ Green Energy ကုမ္ပဏီ တစ်ခုဖြစ်သည့် အောင်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်လေးလွင်က ပြောကြားသည်။
"ခုတော့ ဂက်စ်အဆင့် ထွက်နေပါပြီ၊ လျှပ်စစ်ဓာတ်အား ထွက်ရှိမှုက ကုန်ကြမ်းနဲ့လည်း ဆိုင်တော့ ဘယ်လောက်ထွက်မယ် ဆိုတာ ခုမှ လေ့လာနေတုန်းပါ" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ရှိ ရွှေဘုရင်မ အရက်ချက်စက်ရုံ မန်နေဂျာ ဦးအောင်လှိုင်ထွန်းက ထပ်မံပြောကြားသည်။

ယင်းသို့ လေ့လာမှုများကို ပြီးခဲ့သည့် ခြောက်လခန့်က စတင်ဆောင်ရွက်နေပြီး ထွက်လာသည့် လျှပ်စစ်ဓာတ်အားများကို စက်ရုံအတွက် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ပမာဏကို မသိရှိရသေးကြောင်း ၄င်းကဆိုသည်။

မန္တလေးမြို့တွင် စွန့်ပစ်အမှိုက်မှ ဘိုင်အိုဂက်စ်မှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ထိုင်းကုမ္ပဏီတစ်ခုက တင်ဒါအောင်ထားသည်။

The Voice Weekly

No comments: