Monday, March 31, 2014

သမီးကလေးကျေးရွာအပါအ၀င် ရန်ကုန်ရှိ ကျူးကျော်အချို့ ဒီကေဘီအေဌာနချုပ်သို့ ပြောင်းမည်

Monday, March 31, 2014

သမီးကလေးကျေးရွာ ပြောင်းရွှေ့ဒေသခံများ ဧပြီ ၁ ရက်တွင် ဒီကေဘီအေ (ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်၏ စစ်ဌာနချုပ် ဆုံဆည်းမြိုင်) ခေါ်သည့်နောက်လိုက်မည်ဟု သမီးကလေးကျေးရွာမှ ဒေသခံ ဦးဝင်းညွန့်က ပြောသည်။

ဝါးယားကုန်းကျေးရွာသို့ ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စု ၆၄ စုမှ တစ်ဦးသာ ၀ါယားကုန်းကျေးရွာတွင် ကျန်နေခဲ့ပြီး ၎င်းသည်လည်း အခြားရွာမှ ဒုက္ခသည်တစ်ဦးသာဖြစ်ပြီး သမီးကလေးကျေးရွာဒေသခံများ နှင့် အခြားမှကျူးကျော်အဖြစ် သတ်မှတ်ခံရသူ လူဦးရေ ၁,၀၀၀ ကျော်သည် ဧပြီလ ၁ရက်တွင် ဒီမိုကရေ စီအကျိုးပြု ဒီကေဘီအေစခန်းသို့ ပြောင်းရွှေ့သွားမည် ဖြစ်သည်။
သမီးကလေးကျးရွာမှ ဦးဝင်းညွန့်က “၀ါးယားကုန်း မြေနေရာတွေပေးတာက ပြောတာတခြား လုပ်တာ တခြားဖြစ်နေလို့ အားလုံး ပြန်လာကြတာ။ သူတို့ပြောတုန်းက ပေ ၄၀x၆၀ အိမ်ပေးမယ်။ ရေသန့်လဲတူး ပေးမယ်လို့ပြောတယ်။ အိမ်လည်းဆောက်ပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ တစ်ခုမှမရဘူး။ ဒါကြောင့် ပြန် ပြောင်းတာပါ။ ဒီကေဘီအေကခေါ်တဲ့နေရာ လိုက်သွားမယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ သမီးကလေးကျေးရွာဒေသခံများ ၀ါးယားကုန်းကျေးရွာသို့ ပြောင်းရွှေ့လိုက်သည့်နေရာတွင် နေ ထိုင်နိုင်ခြင်းမရှိသည့်အတွက် ၀ါးယားကုန်းကျေးရွာတွင် ရန်ကုန်တိုင်းအတွင်းရှိ အခြားကျူးကျော်များကို အစားထိုးပေးရန် တိုင်းအစိုးရအဖွဲ့နှင့် ဆက်လက် ဆွေးနွေးသွားမည်ဟုလည်း လှည်းကူးအမှတ်(၂) မဲ ဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက မဇ္ဈိမကို ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နဲ့ ဘယ်ကျူးကျော်တွေကို ပေးသင့် မပေးသင့် ဆက်ဆွေးနွေးသွား မယ်”ဟု ဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်က ဖျက်ဆီးခံခဲ့ရသည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှ အိမ် ထောင်စု ၄၀၀ ခန့်မှ အိမ်ထောင်စု ၁၅၇ စုကို ၀ါးယားကုန်းကျေးရွာသို့ မတ်လ ၃ ရက်မှ မတ်လ ၃၁ ရက် တွင် နောက်ဆုံးထား ပြောင်းခိုင်းထားသောကြောင့် အိမ်ထောင်စု ၆၄ စုမှ ၀ါးယားကုန်းသို့ မတ်လ ၂၇ ရက်တွင် ပြောင်းရွှေ့ခဲ့သည်။ သို့သော် မြေနေရာနှင့်အလုပ်အကိုင်ရရှိမှုမှာ အဆင်ပြေမှုမရှိသောကြောင့် မတ်လ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ပြောင်းရွှေ့လာ ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းအောင်က “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က မြေနေရာတွေတော့ ပေးနေတာပဲ၊ အိမ်တွေတော့ အလှူရှင်ရှိမှပဲ ပေးလို့ရမှာ။ အိမ်မဆောက်ပေးလို့ မနေဘူးဆိုရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်တော့ဘူး။ လွှတ်တော်က မူဝါဒချမှပဲ ရတော့မယ်” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်ဟု သတ်မှတ်ထားသည့် လူဦးရေ ၅၃,၆၀၀ ကျော်ရှိပြီး ကျူးကျော် အများစုမှာ ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ အင်းစိန် စသည့် ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်ကြသည်။

Mizzima 

No comments: