Saturday, March 15, 2014

မလေးဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အရ လေယာဉ်ပြန်ပေးဆွဲခံရတာ သေချာ

Saturday , March 15 , 2014

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး ဂြိုလ်တုရတဲ့ အချက်အလက်တွေအရ လေယာဉ်လှုပ်ရှားမှုဟာ လေယာဉ်ပေါ်မှာပါတဲ့ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား ဝန်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။

ပျောက်ဆုံးနေတဲ့ MH 370  ဘိုရင်း လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို အလုပ်မလုပ်အောင် သေချာ ပိတ်ပင်ထားတာဟာ အလွန်သေချာပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။  လေယာဉ်ပေါ်က တစုံ တယောက်ဟာ တမင်တကာ ဆက်သွယ်ရေး ခလုပ်တွေကို ပိတ်ပစ်ခဲ့တယ်လို့ သူက ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခိုင်အမာပြောတာပါ။
ဒါဟာ လေယာဉ်ပြန်ပေးဆွဲတယ်လို့ ဒီမနက်က အမည်မဖော်လိုသူ မလေးရှား အရာရှိတဦးရဲ့ ပြောဆိုချက်ကို ထပ်လောင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။

လေယာဉ်ဟာ မူလ လမ်းကြောင်းဖြစ်တဲ့ မလေးရှား အရှေ့ဘက်ကမ်း ပီကင်းကို ဦးတည်ခဲ့ရာက အဆက် အသွယ်ပြတ်တောက်သွားတာမို့ အခုဆို လေယာဉ်ဟာ ထိုင်းပင်လယ်ကွေ့၊ အိန္ဒိယသမုဒ္ဒရာ၊ အက်ဒမန် ပင်လယ်တွေမှာ အဓိက ထား ရှာဖွေမှုတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ အရှေ့ဖက်ကမ်းမှာ ပျောက်ဆုံး လေယာဉ် ရှာဖွေမှုကို ရပ်ဆိုင်း လိုက်ပြီလို့လည်း မလေးရှားဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

 ဒီအပြင် အခုထိ လေယာဉ်နဲ့ပတ်သက်ပြီး ပျောက်ဆုံးနေဆဲအဖြစ်သတ်မှတ်ထားပြီး အခုအခါ လေယာဉ်ပေါ် မှာ ပါသွားတဲ့ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေအပေါ် အာရုံစိုက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

လေယာဉ်ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပြီးသတင်းထောက်တွေရဲ့ မေးခွန်းမေးဖို့ အခွင့်အရေး မရခဲ့ပဲ မလေးရှား ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲကို အဆုံးသတ်သွားပါတယ်။

ဧရာဝတီ BLOG

No comments: