Saturday, March 01, 2014

အင်းစိန် မီးရထားပိုင်မြေအတွင်း နေအိမ်ဖယ်ရှားခံရသော လူဦးရေ ၂၀၀ ကျော် နေရေးအခက်ကြုံ

Saturday, March 01, 2014

အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ ရပ်ကွက်၊ မီးရထားစက်ခေါင်း စက်ရုံပိုင် မြေအတွင်း နေအိမ် ၁၂၀ နီးပါး ဖယ်ရှားခံရသောကြောင့် လူဦးရေ ၂၀၀ ကျော်မှာ ပြောင်းရွှေ့နေထိုင်ရန် နေရာမရှိ၍ ဖယ်ရှား ခံရသည့် နေရာတွင်ပင် ယာယီ အမိုးအကာများထိုးကာ ခိုလှုံနေရကြောင်း ယင်းနေရာတွင် နေထိုင်နေသူများထံမှ သိရှိရသည်။ 

အဆိုပါ မီးရထား စက်ခေါင်းစက်ရုံပိုင် မြေနေရာတွင် ကျူးကျော် နေထိုင်သူများကို မီးရထား ဝန်ထမ်းများက အပတ်စဉ် သောကြာနေ့တိုင်း လာရောက် ဖယ်ရှားနေသောကြောင့် နေအိမ် အဖျက်ခံရသော မိသားစုဝင်များ၏ ကျောင်းနေအရွယ် ကလေးငယ်တချို့မှာ အတန်းတင် စာမေးပွဲ ဝင်ရောက် ဖြေဆိုရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်းနေရာတွင် နေထိုင်သူ ကိုအေးချစ်အောင်က ပြောကြားသည်။ 

“ခုံနံပါတ် မထုတ်ဖြစ်လို့ မဖြေဖြစ်တဲ့ ကလေး ၁၅ ယောက်လောက် ရှိတယ်။ မိဘတွေကလည်း နေစရာမရှိ ဒုက္ခရောက်ပြီး အလုပ်တွေ ရှုပ်နေတော့ ကလေးတွေရဲ့ ပညာရေးကိစ္စကို ခေါင်းထဲ မထည့်နိုင်တော့ဘူးလေ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ကျူးကျော်အိမ်များကို အပတ်စဉ် သောကြာနေ့တိုင်း ဖယ်ရှားခြင်းနှင့် ပတ်သက်၍ ဈေးကုန်းအရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

မီးရထားစက်ခေါင်း စက်ရုံမှ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းရာ နေပြည်တော်မှ ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး အခြားအချက်အလက်များကို မသိရှိကြောင်း ပြောကြားသည်။

The Voice Weekly

No comments: