Sunday, March 02, 2014

အရပ်ဘက် ဝန်ထမ်းများ အချိန်ပိုလုပ်ခ ရရှိရေး အစိုးရထံ တင်ပြမည်

Sunday, March 02, 2014

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်သို့ လပွတ္တာမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း တင်သွင်းခဲ့သော အရပ်ဘက် ဝန်ထမ်းများ အချိန်ပို လုပ်အားခ ရရှိရေး တိုင်းဒေသကြီး အစိုးရမှ ဆောင်ရွက်ပေးစေလိုကြောင်း အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ များပြားသဖြင့် ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံ တင်ပြမည် ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူများက ပြောကြားသည်။

ဝန်ထမ်းများ ရသင့်ရထိုက်သည့် အခွင့်အရေး အပြည့်အဝ ရရှိမှသာ အလုပ်အပေါ် တန်ဖိုးထား လုပ်နိုင်မည် ဖြစ်သဖြင့် ယင်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ၅၈ မဲ၊ ကန့်ကွက်မဲ သုံးမဲ ရရှိခဲ့ကြောင်း ဦးဇော်ဝင်းက ဆိုသည်။ 

“အရပ်ဘက် ဝန်ထမ်းတွေ လုပ်ချင်ချင်၊ မလုပ်ချင်ချင် လုပ်ငန်း လိုအပ်ချက်အရ အချိန်ပို ဆင်းရတယ်။ ဒါပေမဲ့ အချိန်ပို လုပ်အားခ မရကြဘူး” ဟု ဦးဇော်ဝင်းက ပြောကြားသည်။

အဆိုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဝင်းနိုင်က အဆိုပါ ကိစ္စသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနှင့် ဆောင်ရွက်၍ မရနိုင်ကြောင်းနှင့် ပြည်ထောင်စု အစိုးရမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ သမဝါယမ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌကလည်း ဥပဒေ ရေးဆွဲ ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်း တင်ပြခဲ့သည့် အတွက် မှတ်တမ်းတင် ထားရှိရန် မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ သုံးမဲ ရရှိ၍ အဆိုကို မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူများ ထံမှ သိရှိရသည်။

“အဆို ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး။ ရှေ့ဆက်ပြီး ဆောင်ရွက်ဖို့ မှတ်တမ်းတင် ထားတာပါ” ဟု တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ သတ္တမ ပုံမှန်အစည်းအဝေး၊ ပထမနေ့ကလည်း ဇလွန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစန်းမောင်က မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများ အချိန်ပို ဆင်းရခြင်း အပေါ် အချိန်ပို လုပ်အားခကြေး ရရှိရန် ဖြစ်နိုင်/ မဖြစ်နိုင်နှင့် ပတ်သက်၍ မေးခွန်း မေးမြန်းခဲ့ဖူးကြောင်း လွှတ်တော်ရုံး မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly

No comments: