Monday, March 31, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် မြောင်းမြနှင့် မြိတ်တွင် ဆန္ဒပြ

Monday, March 31, 2014
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တို့တွင် မတ်လ ၂၉ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူအင်အား ငါးရာစီဖြင့် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပြင်မှ ရမယ်လေ။ သူ့ကို ပြင်ချင်ရင် ပုဒ်မ-၄၃၆ ကို အရင်ပြင်မှ ရမယ်။ ဒါကြောင့် ပြင်ဆင်ပေးနိုင်ဖို့ ဆန္ဒဖော်ထုတ်ပြရတာပါ” ဟု ယင်းဆန္ဒ ဖော်ထုတ်ပွဲကို ဦးဆောင်သူများတွင် ပါဝင်သည့် ဦးဘိုဖြူက ပြောကြားသည်။
“ပြည်သူတွေထဲမှာလည်း သမ္မတဖြစ်ဖို့ အရည်အချင်း ရှိတဲ့သူတွေ ရှိသလို လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာလည်း သမ္မတဖြစ်နိုင်တဲ့သူတွေ ရှိတယ်။ ဘယ်သူ့ကိုမဆို သမ္မတ ဖြစ်နိုင်စေဖို့ ပုဒ်မ-၅၉ (ဃ) နဲ့ ၅၉(စ) ကို မပြင်မဖြစ် ပြင်မှရမယ်” ဟု ဆန္ဒဖော်ထုတ်ပွဲသို့ လိုက်ပါခဲ့သူ အိမ်မဲမြို့မှ အမျိုးသား တစ်ဦးက ပြောဆိုသည်။

မြိတ်မြို့တွင် ဆန္ဒဖော်ထုတ်သူများက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တို့အရေး”၊ “ပုဒ်မ (၄၃၆) အမြန်ဆုံး ပြင်ဆင်ရေး တို့အရေး”၊ “နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရေး တို့အရေး”၊ “ပြည်သူမလိုလားသော ဥပဒေများ အလိုမရှိ”၊ “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး တို့အရေး” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ကာ ယင်းနေ့ နံနက် ၈ နာရီမှ စတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“ဒီဥပဒေဟာ အမှန်တကယ် ပြင်ဆင်သင့်နေပါပြီ။ သက်ဆိုင်ရာ အစိုးရဖက်ကလည်း ဒါကို သိမှာပါ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

မြိတ်မြို့နောက်လယ်ရပ် အမှတ် (၁) ဗောတံတားမှ ကမ်းနားလမ်း တစ်လျှောက် ချီတက်ကာ နံနက် ၉ နာရီခန့်တွင် ပုလဲရတနာ ခန်းမရှေ့၌ မြိတ်ခရိုင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးလှမော်၊ ဦးအောင်နိုင်ဦးနှင့် မြိတ်အင်န်အယ်လ်ဒီ ပါတီမှ ဦးဥက္ကာမင်း၊ ဦးဇင်မောင်မောင်၊ ဦးမြတ်ကို၊ ဦးစိုးပိုင်ဌေးတို့က အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သက်ဆိုင်သည်များကို ဟောပြောခဲ့ကြကြောင်း ယင်းဆန္ဒ ဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောကြားသည်။

မြောင်းမြမြို့ဆန္ဒဖော်ထုတ်ပွဲတွင် မြောင်းမြမြို့ဒေသခံများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ ပွင့်လင်း အဖွဲ့တို့အပြင် အိမ်မဲ၊ ပုသိမ်နှင့် လပွတ္တာမြို့များမှလည်း လာရောက်ပူးပေါင်းခဲ့ကြပြီး မြောင်းမြမြို့ အမေ့အိမ် ပညာဒါန ကျောင်းရှေ့တွင် စုရုံး၍ ကြွေးကြော်သံများ ကြွေးကြော်ကာ မြို့တွင်းသို့ လှည့်လည်ပြီး မြို့နယ် NLD ရုံးရှေ့တွင် လူစုခွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly

No comments: