Sunday, March 02, 2014
တတိယအကြိမ်မြောက်ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ(၇)နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) သုံးခု ရေးထိုးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပွဲမှသိရသည်။
အဆိုပါစာချွှန်လွှာများမှာ ပထမဆုံးသောရွေးချယ်လိုက်သည့်အထွေထွေအတွင်းရေးမှူးချုပ်နှင့် အတွင်းရေးမှူး ရုံးချုပ်ရုံးတည်ထောင်မည့် နားလည်မှုစာချွန်လွှာ၊ ဘင်းမ်စတက်ရာသီဥတုဆိုင်ရာဗဟိုဌာနထူထောင်မည့် နားလည်မှုစာချွန်လွှာ၊ ဘင်းမ်စတက်ယဉ်ကျေးမှုဆိုင်ရာကော်မရှင်နှင့် လေ့လာရေးဌာနထူထောင်မည့် နားလည်မှုစာချွန်လွှာတို့ဖြစ်ကြောင်းသိရသည်။
ယင်းစာချွန်လွှာများ၏မူကြမ်းများအား ယနေ့မတ်လ၂ရက်နေ့ နေပြည်တော်ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ကျင်းပသည့် ဘင်းမ်စတက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးပွဲတွင် အပြီးသတ်ရေးဆွဲခဲ့ကြပြီး ၄င်းမူကြမ်းများအား မတ်လ(၃)ရက်နေ့တွင် ကျင်းပမည့် ၀န်ကြီးအဆင့်အစည်းအဝေးပွဲသို့တင်ပြသွားမည် ဖြစ်သည်။
ယင်းဝန်ကြီးအဆင့်အစည်းအဝေးမှ တင်ပြမည့် စာချွန်လွှာကိုမူ မတ်လ(၄)ရက်နေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် လက်ခံကျင်းပမည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး တွင်လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းကပြောသည်။
တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မတ်လ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ နေပြည်တော်တွင် လက်ခံကျင်းပနေခြင်းဖြစ်ပြီး ဘင်းမ်စတက် အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် မြန်မာ၊ထိုင်း၊အိန္ဒိယ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊နီပေါနှင့်ဘူတန်နိုင်ငံမှ ထိပ်သီးခေါင်းဆောင် များတက်ရောက်မည်ဖြစ်သည်။
Popular Myanmar News Journal
No comments:
Post a Comment