Tuesday, March 04, 2014
မြန်မာအစိုးရက အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်မှု ရှိ၊ မရှိကိုသာ မူတည်၍ အမေရိကန် အစိုးရက အထောက်အပံ့များ ဆက်လက် ပေးအပ်ရန် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ အကြီးအကဲ Rajiv Shah က ပြောကြားကြောင်း The Wall street သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာအစိုးရသည် အပြည့်အဝ ပြုပြင် ပြောင်းလဲမှုနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ထုတ်ဖော် ပြောကြားနေသော်လည်း အချို့သော ဒေသများတွင် ဒုက္ခသည်များကို အထောက်အပံ့ ပေးနေသည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် မပေးဘဲ ပိတ်ပင် တားဆီးမှုများ ရှိနေသည်ကို တွေ့နေရဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။
“မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ အထောက်အပံ့ ပေးရေး အဖွဲ့အစည်းတွေကို လွတ်လပ်စွာ လုပ်ငန်း ဆောင်ရွက်ခွင့် ပေးသင့်တယ်။ ဥပမာ- ရခိုင်ပြည်နယ်မှာ လိုပေါ့။ ဒီကိစ္စကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အကျုံးဝင်တယ်လို့ ကျွန်တော် ယူဆတယ်” ဟု ၎င်းက အဆိုပါ သတင်းဌာနသို့ ပြောကြားထားသည်။
အမေရိကန် အစိုးရက အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပေးအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၁၈၀ ရှိပြီး အဆိုပါ ထောက်ပံ့ ငွေများကို ဆက်လက် ပေးအပ်ရေး အစီအစဉ်မှာ မြန်မာအစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်မှု ပေါ်တွင်သာ မူတည်နေကြောင်း Ragiv Shah က ဆိုသည်။
“ရခိုင်ပြည်နယ်မှာ AZG ကို လုပ်ငန်း ဆောင်ရွက်ခွင့် ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြထားတာ တွေကြောင့် အထင်လွဲတာ ဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ဘယ်တော့မှ မတားဆီးပါဘူး” ဟု အစိုးရ အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။
ASG ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် အထောက်အပံ့များ ပေးရန်အတွက် အစိုးရနှင့် သဘောတူညီချက်များ ရေးထိုးရပြီး၊ AZG အဖွဲ့အစည်း ရေးထိုးခဲ့သည့် သဘောတူစာချုပ်မှာ သက်တမ်း ကုန်ဆုံးနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ယင်းအဖွဲ့အစည်းက အစိုးရနှင့် တစ်စုံတစ်ရာ ညှိနှိုင်း ဆောင်ရွက်မှု မရှိခဲ့ကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။
ထို့အပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများသည် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများ အရ သက်ဆိုင်ရာ နိုင်ငံက ချမှတ်ထားသော ဥပဒေများကို လိုက်နာ ဆောင်ရွက်ရမည်ဟု ပါရှိပြီး၊ AZG အဖွဲ့အစည်းသည် ယင်းဥပဒေများကို ချိုးဖောက်ခဲ့သောကြောင့် ရခိုင်ပြည်နယ်တွင် လုပ်ငန်း ဆောင်ရွက်ခွင့်ကို ခေတ္တ ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲဖြစ်သူ မစ္စတာ Rajiv Shah သည် ၎င်း၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ၂ ရက်ကြာ ရောက်ရှိခဲ့သည်။
The Voice Weekly

No comments:
Post a Comment