Saturday, March 29, 2014

လေယာဉ်၊ ဆက်သွယ်ရေး ဂြိုတ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်နိုင်ရန် Facebook စမ်းသပ်လေ့လာလျက်ရှိ

Saturday, March 29, 2014
အင်တာနက်လိုင်းကို တာဝါတိုင်များမှတစ်ဆင့် ထုတ်လွှတ်မည့်အစား မောင်းသူမဲ့လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တု၊ နေစွမ်းအင်သုံး လေယာဉ်ပျံများမှတစ်ဆင့် ထုတ်လွှတ်နိုင်ရန် ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook က စမ်းသပ် သုတေသနပြုလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

‘ကောင်းကင်ကနေ အင်တာနက်လိုင်း လွှင့်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်’ ဟု Facebook ဝက်ဘ်ဆိုက်ကို ပူးတွဲ တည်ထောင်သူဖြစ်သော မာ့က်ဇူကာဘတ်က Facebook တွင် ရေးသားထားသည်။

ယင်းကဲ့သို့ လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တုတို့မှတစ်ဆင့် အင်တာနက်လိုင်း လွှင့်ထုတ်နိုင်စေရန် အာကာသ လေကြောင်းနှင့် ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင် ပညာရှင်များ ပါဝင်သောအဖွဲ့က စမ်းသပ် လေ့လာမှုများ ပြုလုပ်လျက် ရှိသည်။

Facebook က စည်းရုံး ဖွဲ့စည်းထားသည့် အဆိုပါ ကျွမ်းကျင် ပညာရှင်များတွင် နာဆာအဖွဲ့တွင် အရေးပါသော သုတေသနစင်တာ တစ်ခုဖြစ်သည့် Ames Research စင်တာမှ ပညာရှင်များလည်း ပါဝင်သည်။

ယခုကဲ့သို့ မောင်းသူမဲ့ လေယာဉ် စသည်မှ အင်တာနက်လိုင်း ထုတ်လွှတ်ရန် စမ်းသပ် လေ့လာခြင်းသည် တစ်ကမ္ဘာလုံး မည်သည့် နေရာတွင် ရှိသည်ဖြစ်စေ အင်တာနက် အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
“တစ်ကမ္ဘာလုံး ချိတ်ဆက်ဖို့ဆိုရင် နည်းပညာသစ် ထွင်ဖို့လည်း လိုမှာပဲ။ ဒီအတွက် ကျွန်တော်တို့ရဲ့ ကွန်ရက် စမ်းသပ်ရေးအဖွဲ့က အထူးပြုပြီး လုပ်နေတာပါ” ဟု မာ့က်ဇူကာဘတ်က ပြောကြားသည်။

အဆိုပါအဖွဲ့သည် အမျိုးမျိုးသော တစ်ကမ္ဘာလုံး အင်တာနက်ကွန်ရက် လွှမ်းခြုံခြင်းဟူသော မစ်ရှင် အောင်မြင်စေရန် နည်းဗျူဟာမျိုးစုံကို စဉ်းစားလျက် ရှိပြီး လူနေကျဲသည့် နေရာများတွင် ဆက်သွယ်ရေး ဂြိုဟ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်ရန် စဉ်းစားလျက် ရှိသည်။

ထို့ပြင် ဆာဟာရတစ်ပိုင်း အာဖရိက နိုင်ငံများအတွက် မီတာ ၂၀၀၀၀ အထက်တွင် မရပ်မနား ပျံသန်းနိုင်သည့် လေယာဉ်မှတစ်ဆင့် အင်တာနက် ထုတ်လွှတ်ရန် စမ်းသပ်လေ့လာလျက် ရှိကြောင်း မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်တွင် ပါရဂူတန်း တက်ရောက် သင်ကြားနေပြီး အရေးပါသော သိပ္ပံ တီထွင်မှုများ ပြုလုပ်နေသည့် လူငယ် တစ်ဦးဖြစ်သူ Yael Maguire က Youtube ဝက်ဘ်ဆိုက်တွင် ပြောကြားသည်။

အင်တာနက်လိုင်း ထုတ်လွှတ်မည့် လေယာဉ်သည် ကမ္ဘာ့ရာသီဥတု ဖြစ်ပေါ်သည့် ဧရိယာ အထက်တွင် ပျံသန်းမည် ဖြစ်ပြီး နေစွမ်းအင်ကို အသုံးပြုကာ တစ်ကြိမ်လျှင် လပေါင်းများစွာ ကြာအောင် ပျံသန်းနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

The Voice Weekly

No comments: