Wednesday, March 12, 2014

KIAတပ်ဖွဲ့ဝင်မှအမျိုးသမီးငယ်အားအတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်မှုကြောင့် ဒေသခံအမျိုးသမီးငယ်များ ကြောက်ရွံ့ထိတ်လန့်နေ


Wednesday, March 12, 2014

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသော်ကျေးရွာမှ စီငန်းကျေးရွာဘက်အထွက် သစ်ကွင်းတွင် ဈေးရောင်း နေသော အမျိုးသမီးငယ်အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်တစ်ဦးမှ မတ် ၈ ရက် ည ၇ နာရီခန့်တွင် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းရွာသားများထံမှ သိရသည်။

အဲဒီ KIA တပ်ဖွဲ့ဝင်နှစ်ယောက်က မူလတန်းကျောင်းရှေ့မှာ အိမ်ငှားနေတယ်လို့ ပြောတယ်၊ ရွာထဲမှာတော့ ပါဂျဲရိုးကား အပြာကြားနဲ့ ၀င်/ထွက် သွားလာနေတာမြင်တယ်၊ သူတို့ပဲ ဖမ်းတာနေမှာပေါ့ ” ဟု စီသော်ရွာသား တစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာတွင် ဒေသခံကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး တိုင်းရင်းသားများ နေထိုင်ကြပြီး အခြားမြို့/ရွာများမှ ဈေးလာရောင်းသူများလည်းရှိကြောင်း၊ KIA တပ်ဖွဲ့ဝင်မှ ဖမ်းဆီးသွားသော အမျိုးသမီးငယ်မှာ အခြားနယ်မှ ဈေးလာရောင်းသူဖြစ်ကြောင်း သစ်ကွင်းနေ အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ ဒီလိုမျိုးကိစ္စက ဒီရွာမှာ တစ်ခါမှ ဖြစ်ဖူးတာမဟုတ်ဘူး၊ သစ်ကွင်းထဲမှာ ဈေးရောင်းနေတဲ့ မနှင်းမေဆိုတဲ့ ကောင်မလေးကို KIA အဖွဲ့က ခင်တန် ဆိုတဲ့လူက ကားပေါ်တင်ပြေးသွားတာလေ၊ ကောင်မလေးက အော်ဟစ်အကူအညီတောင်းတော့ တစ်ရွာလုံး သိကုန်ကြတာပေါ့ ” ဟု မျက်မြင်သက်သေ အဘ စိုင်းလုံက ပြောသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သော ည ၇ နာရီခန့်တွင် KIA တပ်ဖွဲ့ဝင်မှ ဖမ်းဆီးခေါ်ဆောင်ပြီး ကားပေါ်တင်ပြေး ခံရသူမှာ ကသာခရိုင်၊ မိုးဒါးလေး ကျေးရွာနေ မနှင်းမေ(၂၀)နှစ် ဖြစ်ပြီး ဈေးရောင်းနေသော မိန်းကလေး ဖြစ်ကြောင်း၊ KIA တပ်ဖွဲ့ဝင်မှ သူမအလိုမတူဘဲ အတင်းအဓမ္မခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ဈေးသည်အချို့ထံမှ သိရသည်။

“ မနှင်းမေကတော့ ကြောက်လန့်ပြီး ငိုယိုနေတော့တာပဲ၊ ည ၇ နာရီလောက်မှာ ဖမ်းသွားပြီး KIA တပ်ဖွဲ့ဝင်က သူတို့ငှားနေတဲ့ မူလတန်းကျောင်းရှေ့ကအိမ်ကို ခေါ်သွားတယ်၊ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်တာနဲ့ ရပ်ကွက်လူကြီးတွေစုပြီး သွားတောင်းပန်လို့ ပြန်လွှတ်ပေးလိုက်တာပါ၊ ဒါပေမယ့် မနှင်းမေကို ဘာလုပ်လိုက် လဲတော့ မသိဘူး” ဟု သွားရောက်ခေါ်ဆောင်ရာတွင် ပါဝင်သော ရပ်ကွက်လူကြီးတစ်ဦးက ပြောသွားသည်။

ရွှေကူမြို့မှ အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးက “ KIA တပ်ဖွဲ့ဝင်တွေဟာ ဆက်ကြေးကောက်တယ်၊ လူသစ်စု တယ်၊ အခု အမျိုးသမီးငယ်တွေကိုပါ အတင်းအဓမ္မဖမ်းဆီးလာပြီ၊ နောက်ဆိုရင် ဒီ့ထက်ပိုဆိုးလာတော့မှာ၊ သူတို့က သေနတ်ကိုင်ထားပြီး အပြစ်မဲ့ပြည်သူတွေကို အနိုင်ကျင့်နေတာ၊ မနှင်းမေဆိုရင် ဖျက်ဆီးခံရတာလား၊ မခံရဘူးလား ဘယ်သူမှ မသိသေးဘူး၊ ဒီလိုမျိုး လူမြင်ကွင်းမှာတောင် KIA စစ်သားတွေက အမျိုးသမီးတွေ အပေါ် အနိုင်ကျင့်မှုတွေ လုပ်လာတော့ ဒီဒေသမှာနေတဲ့ အမျိုးသမီးငယ်လေးတွေ ကြောက်ရွံ့ထိတ်လန့်နေကြ တယ်၊ နစ်နာတဲ့ မိန်းကလေးအတွက် တရားမျှတတဲ့ လျော်ကြေးတော့ ရသင့်တာပေါ့ ” ဟု ပြောကြားသွားခဲ့ ပါသည်။

နိုင်သန့်ဇင် (ရွှေကူ)
credit to : Na san aung wa

No comments: