Thursday, April 03, 2014

ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသော ၄၈ လမ်းဗလီ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ဗလီဆရာနှစ်ဦးကို ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်

Thursday, April 03, 2014
ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီဆရာနှစ်ဦးကို ယခုနှစ် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆရသော ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ညပိုင်း၌ တာဝန်ကျ ဗလီဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ ၃၀၄(က) ပုဒ်မ ၂၈၅ ဖြင့် တစ်နှစ်နီးပါးကြာ တရားရုံးတွင် ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းရုံးတင်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုနှစ် မတ် ၂၆ ရက်တွင် နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များ တရားရုံးတော်သို့ ပေးပြီးသည်ဖြစ်၍ လာမည့် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“ဗလီမီးလောင်မှုနှင့် ပတ်သက်ပြီး ရုံးတော်တင် စစ်ဆေးခံရသူနှစ်ဦးကို လာမယ့် ၈ ရက်မှာ အပြီးသတ် အမိန့်ချမှတ်မှာပါ။ အမှုအတွက် အပြီးသတ် လျှောက်လဲချက်ကိုလည်း မတ် ၂၆ ရက် ရုံးချိန်းမှာ ရုံးတော်ကို တင်ပြခဲ့ပြီးပါပြီ” ဟု ယင်းအမှုအား ကိုင်တွယ်နေသည့် ဗိုလ်တထောင်မြို့နယ် တရားသူကြီးက ဧပြီ ၂ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

၄၈ လမ်းဗလီ မီးလောင်မှုကြောင့် အစ္စလာမ်ဘာသာဝင် စာသင်သားကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရပြီး မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုတွင် ဗလီဆရာ နှစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့တွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ပြုလုပ်သော ဗလီမီးလောင်မှု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Eleven Media Group

No comments: