Friday, April 25, 2014

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု(က)၌ အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်

Friday, April 25, 2014
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အုပ်စုမဲခွဲမှုအရ အိမ်ရှင်မြန်မာအသင်းသည် အုပ်စု(က)၌ အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။

အုပ်စုများ မဲနှိုက်ရေးဆွဲခြင်းကို AFC မှ တာဝန်ရှိသူများနှင့်အတူ နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်ဟောင်း ဘောလုံးသမားများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးစိုးမြတ်မင်းတို့က မဲနှိုက်ပေးခဲ့ကြပြီး မြန်မာအသင်းအတွက် မဲနှိုက်ရာတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အာရှထိပ်သီးအသင်းများအပါအ၀င် အသင်း ၁၆ သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အုပ်စုမဲနှိုက်ရေးဆွဲမှုအရ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ဗီယက်နမ် အသင်းတို့ ပါဝင်နေသော အုပ်စု(ဂ)ကို အုပ်စုကျပ်အဖြစ် သတ်မှတ်ထားပြီး အုပ်စု(ခ) တွင် ဥဇဘက်ကစ္စတန်၊ သြတြေးလျ၊ ယူအေအီး၊ အင်ဒိုနီးရှား၊ အုပ်စု(ဃ)တွင် အီရတ်၊ မြောက်ကိုရီးယား၊ ကာတာနှင့် အိုမန်အသင်း တို့ ပါဝင်လျက်ရှိသည်။

(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် မဲနှိုက်ရွေးချယ်ပေးနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်))

Eleven Media Group

No comments: