Wednesday, April 09, 2014

ဂျပန်ခေတ် ငွေစုစာချုပ်

Wednesday, April 09, 2014
(တစ်ဆယ်ကျပ်တန် ငွေစုလက်မှတ်)
ဖက်ဆစ်စနစ် လက်အောက်တွင် ၁၉၄၂ ခုနှစ်က ဂျပန်ခေတ် မြန်မာနိုင်ငံသည် ရက်စက်မှု၊ ယုတ်ညံ့မှုနှင့် ဗိုလ်ကျအနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့ဖြင့် ပြွမ်းတီးပျက်စီးနေ၏။

ဖက်ဆစ်ဂျပန် လက်အောက်ခံ ဗမာ့ခေတ်သစ် အစိုးရအဖွဲ့ကို အဓိပတိ ဒေါက်တာဘမော်က ဦးဆောင်၏။ ဖက်ဆစ်စနစ်နှင့် ဖက်ဆစ်အစိုးရတို့ အားကောင်းအောင် ဒေါက်တာဘမော်အစိုးရက ပံ့ပိုးနိုင်သမျှ ကျားကန်ပံ့ပိုး၏။ မြန်မာလူထု၏ အင်အားနှင့်ပိုင်ဆိုင်မှုကို ရနိုင်သည့်နည်းဖြင့် အသုံးချ၏။

ယင်းဂျပန်ဖက်ဆစ်လက်အောက်ခံ ဗမာ့ခေတ်သစ်အစိုးရအမည်ခံ အဓိပတိ ဒေါက်တာဘမော်အစိုးရသည် ဗမာနိုင်ငံတော် လွတ်လပ်ရေးငွေစုစာချုပ်ဟူ၍ ငွေရှာနည်းကို ပါတီတွင် ဖန်တီးခဲ့သည်။

ယင်းငွေစုလက်မှတ်ကို အောင်ဘာလေထီနှင့် ဆက်သွယ်ထားသည်။ အောင်ဘာလေထီကို တစ်နှစ်လျှင် နှစ်ကြိမ်ဖွင့်မည်။ ငွေစုလက်မှတ် အမှတ်(၁)မှ (၁၀၀၀၀၀) အထိ ကန့်သတ်ပိုင်းခြားပြီးလျှင် ယင်းလက်မှတ်များအတွက် အောင်ဘာလေ ၆၃ ဆု ဖွင့်သည်။ ပထမ ငါးထောင်တစ်ဆု၊ ဒုတိယ တစ်ထောင်နှစ်ဆု၊ တတိယငါးဆယ်ဆု ၆၀ ဆုစီ ဖွင့်သည်။ ယင်းဖွင့်သည့် ဆုငွေ ၆၃ ဆုသည် ငွေစုလက်မှတ်တန်ဖိုး၏ ရာခိုင်နှုန်း ၆၀ ဖြစ်၏။ ကျန်ရာခိုင်နှုန်း ၄၀ သည် ဗမာ့ခေတ်သစ်အစိုးရ၏ ဘဏ္ဍာတော်ဖြစ်၏။ ယခုခေတ် ထီဖွင့်သကဲ့သို့ ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖွင့်ပေးလျက် ရာခိုင်နှုန်း ၄၀ ကို အစိုးရဘဏ္ဍာငွေ ဖြစ်စေသောစနစ် ဖြစ်၏။

ယခုခေတ်ထက် ထူးခြားသည်မှာ ထီလက်မှတ်ဝယ်ရန် မလိုဘဲ တစ်ဆယ်တန် ငွေစုစာချုပ်တစ်စောင် ၀ယ်ထားလျှင် မပေါက်မချင်း တန်ဖိုးရှိ၏။ ထီပေါက်သွားလျှင်ကား လုံးဝတန်ဖိုးမရှိတော့ချေ။

လုံးဝထီမပေါက်ဘဲ ကန့်သတ်ထားသောနှစ် စေ့သွားသည့်အခါ ငွေစုလက်မှတ်တန်ဖိုးကို ပြန်ပေးမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာသိန်းမောင်ကိုယ်တိုင် လက်မှတ်ထိုး အာမခံထားသည်။ ယင်းကြောင့် ဤငွေတစ်ဆယ်ဆုချင်းဖြင့် အဖိုးမဆုံးသည့်အပြင် နိုင်ငံတော် ဘဏ္ဍာငွေကိုလည်း ဖြည့်တင်းပံ့ပိုးရာရောက်ကြောင်း ကြေညာထားသည်။

ငွေစုကြရန် ဗမာ့ခေတ်သစ် အစိုးရကို အားပေးကူညီရန် ဆော်သြနေလေရာ ကျွန်တော့်ဖခင်ကဲ့သို့ အခြေခံ လူတန်းစားသည်လည်း အဆွယ်ကောင်း၍ တစ်ဆယ်တန်ငွေစုစာချုပ်ကို ၀ယ်စုခဲ့ခြင်းဖြစ်သည်။

ငွေစုလက်မှတ်တန်ဖိုးကို ပြန်ရလိမ့်မည်ဟု ယင်းငွေစုလက်မှတ်တွင် ရေးသားထားသော်လည်း မြန်မာတစ်နိုင်ငံလုံးက ယင်းအစိုးရကို တော်လှန်သောအခါ မရှုမလှ ထွက်ပြေးရပြီး ဤငွေစုလက်မှတ် တစ်ဆယ်ကိုလည်း ပြန်မပေးနိုင်တော့ပေ။ ပြည်သူကို လှည့်စားပြီး မိမိတို့အစိုးရ ရန်ပုံငွေ ရရှိရေးအတွက် ကတိအမျိုးမျိုးပေးထားသည့် ယင်းအစိုးရ၏ ငွေရှာနည်း လှည့်စားမှုတို့တွင် လူထုသည် အဆုံးရှုံး အနစ်နာ ခံခဲ့ကြရလေသည်။

ယင်းငွေစုလက်မှတ်နှင့် ပတ်သက်၍ သတင်းစာဆရာ၊ စာရေးဆရာတစ်ဦး၏ အမြင်ကို ၁၉၄၂ ခု နိုဝင်ဘာ ၂၆ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆရာဇ၀နက ပြောစမ်းပါရစေ အခန်းတွင် ဒီလိုရေးသားထားသည်။

ထီအလှူငွေ ခြောက်သောင်း

ယခင်အစိုးရ လက်ထက်က ထီတစ်ကြိမ်တစ်ကြိမ်ဖွင့်လျှင် ထိုးသူတွေ များတဲ့အတွက် ဆုတွေလည်း အတော်များများပဲ ရကြသည်။ ပထမ သိန်းဆုတောင် နှစ်ဆုထုတ်ပေးနိုင်တဲ့ အခြေအနေကို ရောက်ခဲ့သည်။ ယခု ဗမာ့ခေတ်သစ် အစိုးရလက်ထက်မှာ ထီကလည်း ပထမဆုံးအကြိမ်ပဲ ဖြစ်သေးတဲ့အပြင် စစ်ဖြစ်နေတဲ့ အချိန်တွင်းမို့ ၀င်ငွေနည်းသေးတဲ့အတွက် ဆုတွေဟာ အတော်အတော် မများသေးဘဲ ပေါက်တဲ့လူ နည်းနေသည်။

ဒါပေမဲ့ ယခင်ကဆိုရင် ထီဖွင့်ပြီးလို့ ကံမကောင်းဘဲ ကျန်ရစ်တဲ့လူတွေဟာ ၀မ်းနည်းပက်လက် စိတ်ပျက်သွားကြသည်။ အခု ဒီထီကြီးမှာတော့ ထီပေါက်ချင်လို့ထိုးတာမှ မဟုတ်ဘဲ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် ငွေအလှူထည့်တာပဲလို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောကြတာကို တွေ့ရတယ်။ ရတဲ့ ထီဝင်ငွေထဲက ရာခိုင်နှုန်း ၄၀ ကို တိုင်းပြည်အတွက် အသုံးပြုမယ်ဆိုတော့ ယခုအချိန် တိုင်းပြည်က အလှူငွေခြောက်သောင်းလောက် ရှိပြီလို့ ၀မ်းမြောက်သာဓု ခေါ်ကြရလိမ့်မည်။

ဆရာဇ၀နကလည်း ဗမာ့ခေတ်သစ် အစိုးရဘက်သို့ တိမ်းညွတ်အောင် ခပ်ဖွဖွကလေး ရေးထားသည်ကို တွေ့ရပါသည်။

ယခုခေတ် ထီလက်မှတ်သည် ငွေကြေးအစားအသုံးပြုနိုင်ခွင့် မရှိသော်လည်း ဂျပန်ခေတ် ထိုငွေစုစာချုပ်ကကော ငွေကဲ့သို့ ဖလှယ်နိုင်သည်ဟု ရေးသားထားသည့်အခါ ငွေအစား အသုံးပြုလိုလျှင် အသုံးပြုနိုင်သည့် သဘောကို ခေတ်၏ ယင်းငွေစုလက်မှတ်ရှိသူသည် မရှိသူထက် အစစအရာရာမှာ မျက်နှာပွင့်လန်းကာ ယင်းကြောင့် ထိုငွေစက္ကူလက်မှတ်ကို မိမိတို့ဘ၀ အနေအထား အောက်ကျနောက်ကျ မဖြစ်အောင် ၀ယ်ယူစုဆောင်း ထားကြလေ၏။

ကျွန်တော့်ဖခင်သည် အဓိပတိ ဒေါက်တာဘမော် ပြောဟောသည့်အတိုင်း ယုံကြည်ကာ ငွေတစ်ဆယ်ကျပ် ငွေစုစာချုပ် ၀ယ်ယူခဲ့ခြင်းဖြစ်၏။ ဤတစ်ဆယ်တန် ငွေစုလက်မှတ်မှာ တာဝန်ခံထားသည့်အတိုင်း ဂျပန်ခေတ်၏ အစိုးရသည် ပြန်လည်ရှင်းလင်းပေးနိုင်ခြင်း မရှိခဲ့သည့်အတွက် တရိုတသေပင် ဖခင်သိမ်းဆည်းထားသော ငွေစုလက်မှတ်အား စာဖတ်ပရိသတ် ပြည်သူလူထုကို ယခုကဲ့သို့ တင်ပြနိုင်ခြင်း ဖြစ်နေသည်။

စင်စစ် ဤငွေစုလက်မှတ်သည်ကား ထိုခေတ်ထိုကာလက တည်ရှိနေခဲ့သည့် မြန်မာ့သမိုင်း ဖြစ်စဉ်တို့ထဲက အမှန်တကယ် တည်ရှိခဲ့သော ကြေးမုံပြင်တစ်ချပ်ဟုသာ မှတ်ယူရပေတော့မည်။

Eleven Media Group


No comments: