Friday, April 04, 2014

နှစ်ပေါင်း ၃၀ ကာလအတွင်း ဧရာဝတီမြစ်ရေ အနိမ့်ဆုံးရေမှတ်သို့ ရောက်ရှိ

Friday, April 04, 2014


၂၀၁၄ ခုနှစ် ဧရာဝတီမြစ် ရေနည်းချိန်ကာလတွင် မန္တလေးမြို့ ဧရာဝတီမြစ်ရေမှတ်မှာ နှစ် ၃၀ ကာလအတွင်း အနိမ့်ဆုံး ရေနည်းမှတ်သို့ ရောက်ရှိသည်အထိ ကျဆင်းလျက်ရှိကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

မန္တလေးမြို့၌ ဧရာဝတီမြစ်ရေသည် ၁၉၉၄ ခုနှစ်တွင် ၃၉၇ စင်တီမီတာအထိ ကျဆင်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ၃၆၈ စင်တီမီတာအထိ စံချိန်တင် ကျဆင်းခဲ့ကြောင်း၊ ယခု နှစ်ဧပြီ ၃ ရက် နံနက် ၆ နာရီ တိုင်းထွာချက်များအရ ၃၄၅ စင်တီမီတာသာ ရှိသောကြောင့် ယင်းရေနည်းမှတ်များအောက် ရောက်ရှိလျက်ရှိကြောင်း သိရသည်။
“ဧရာဝတီမြစ်ရေက မတ် ၃၁ ရက်ကနေ စပြီးကျသွားတယ်။ ဧပြီ ၂ ရက်မှာ နှစ် ၃၀ အတွင်း စံချိန်တင် အနိမ့်ဆုံး ရေနည်းမှတ်အောက်ကို ရောက်ရှိနေပါပြီ။ ဆက်တိုက်ကျသွားမယ် ဆိုရင်တော့ စံချိန်သစ်တင်ရတော့မှာပါ” ဟု မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၂၀၁၃ ခုနှစ် ရေနည်းကာလမတ်လနှင့် ဧပြီလများတွင် မန္တလေးမြို့ ဧရာဝတီမြစ်ရေ မှာ ၄၂၀ စင်တီမီတာကျော်မှ ၄၃၀ စင်တီမီ တာကျော်ထိ ရှိခဲ့သော်လည်း ယခုနှစ် မတ်လလယ်တွင် ၃၆၀ စင်တီမီတာခန့်မှ မတ် ၃၀ ရက်တွင် စတင်ကျဆင်း သွားခဲ့ရာ ဧပြီ ၃ ရက်၌ မန္တလေးမြို့၏ ဧရာဝတီမြစ်ရေ အမှတ်မှာ ၃၄၅ စင်တီမီတာသာ ရှိကြောင်း သိရသည်။

“မြစ်ရေက မရင်နှစ်တွေက ထက်စာရင် အများကြီး ပါးသွားတယ်။ အခုဆိုရင် စစ်ကိုင်းနဲ့ မင်းကွန်းကြားတော့ သွားလို့ရအောင်တော့ ရေရှိနေသေးတယ်။ ကျန်တဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းနေရာတွေမှာတော့ ရေကတော်တော်လေး ပါးသွားပြီ။ မောတော်ကြီးတွေဆိုရင် အထက်ပိုင်းမှာ သောင်တင်တာတွေ ဖြစ်လာပြီ။ တန်ခူးလ တစ်လလုံးကတော့ ရေတော်တော်လေး နည်းသွားပြီး ကဆုန်လောက်ဆိုရင် ပြန်တက်လာနိုင်သေးတယ်။ ကဆုန်လ ဟိုဘက်ဆိုရင်တော့ ရေက တက်လိုက် ကျလိုက်နဲ့ ၀ါဆို၊ ၀ါခေါင်ဆိုရင် ရေပြန်ပြည့်သွားတယ်” ဟု မန္တလေး- ဗန်းမော် ခရီးသွားပို့ဆောင်ရေး မော်တော်ဆလင် ကိုမျိုးဌေးက ပြောကြားသည်။

ရေနည်းချိန်ကာလတွင် ဧရာဝတီမြစ် အတွင်း၌ ရေယာဉ်များသွား လာမှုလွယ်ကူစေရန် သောင်တူးစက်များဖြင့် လိုအပ်သည့် ရေကြောင်းရရှိရန် ဆောင်ရွက်ခြင်း ပြုလုပ်ပေးလျက်ရှိပြီး ဧရာဝတီမြစ်တွင် ဟင်္သာတမှ ပြည်ရေလမ်း ၅ ပေ ၆ လက်မ၊ ပြည်မှ မန္တလေးရေလမ်း ၅ ပေ၊ မန္တလေးမှ ကသာ ရေလမ်း ၄ ပေ၊ ကသာမှ ဗန်းမော်ရေလမ်း ၃ ပေ ၉ လက်မနှင့် ဆင်ဘိုမှ မြစ်ကြီးနား ရေလမ်း ၂ ပေ ၆ လက်မဟူ၍ ရေလမ်းကြောင်းအလိုက် ရေနည်းချိန်ကာလ ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ထားရာ ယင်းကန့်သတ်ချက်နှင့်အညီ မောင်းနှင်ပါက အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နွေရာသီ ရေနည်းကာလတွင် ဧရာဝတီမြစ်ကြောင်း အတွင်း၌ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ရေကြောင်းကျပ်တည်းမှုကို ဆောလျင်စွာ ကြုံတွေ့ခဲ့ပြီး မြစ်ကြောင်းတစ်လျှောက် ပြေးဆွဲလျက်ရှိသော ကုန်တင်သင်္ဘောများ၊ ရှော်တယ်သင်္ဘောများ အနေဖြင့် ခရီးချိန်ပိုမိုကြာမြင့်စွာ ခုတ်မောင်းနေရကြောင်း သိရသည်။

ယခုနှစ်ဧရာဝတီမြစ် ရေနည်းချိန် ကာလတွင် မန္တလေးတိုင်းဒေသကြီး ရေလမ်းနယ်မြေအတွင်း ရေကြောင်းကျပ်တည်းကာ ရေယာဉ်များ သွားလာရန် ခက်ခဲသောနေရာ ၁၄ နေရာရှိပြီး ရေကြောင်းကျပ်တည်းမှု အများဆုံး ဖြစ်ပေါ်နေသည့် နေရာငါးခုကို ယခုဘဏ္ဍာရေး နှစ်အတွင်း သဲသောင်တူးခြင်း၊ ရေမြုပ်ကျောက်ဖယ်ရှားခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မန္တလေး-ဗန်းမော် ရေလမ်းကြောင်းတွင် ရေကြောင်းကျပ်တည်းမှု ဖြစ်ပေါ်သည့်နေရာ ၂၃ နေရာရှိသော်လည်း ယခုဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေအရ သောင်တူးခြင်းများ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း သိရသည်။

Eleven Media Group

No comments: