Monday, April 28, 2014

ဇနီး၏ အချစ်ဟောင်းကို သဝန်တိုကာ ခင်ပွန်းသည် ဓားဖြင့်ထိုးသတ်

Monday, April 28, 2014

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ င/(က) ရပ်ကွက် ပဲကြော်တန်းလမ်းရှိ ကားအမိုးကူရှင် လုပ်ငန်းတွင် ဧပြီလ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်က ဇနီးသည်နှင့် ချစ်ကြိုက်ဖူးသူ အသက် ၃၄ နှစ်အရွယ် အမျိုးသားကို သဝန်တိုစိတ်ဖြင့် ခင်ပွန်းသည်က ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

အဆိုပါ ရပ်ကွက်ရှိ သာယာကုန်း (၂) လမ်းတွင်နေသူ အသက် ၂၆ နှစ်အရွယ် ကိုရဲဇော်ဦးမှာ ယင်းနေ့က ပဲကြော်တန်းလမ်းရှိ ကားအမိုးကူရှင် လုပ်ကိုင်နေသူ ကိုစိုးမင်းအောင်ထံ ရောက်လာပြီး ဇနီးသည်နှင့် လူမှုရေး ဖောက်ပြန်သည်ဟု စွပ်စွဲကာ ဓားမြှောင်ဖြင့် ထိုးခဲ့သောကြောင့် ကိုစိုးမင်းအောင်၏ ဘယ်ဘက်ရင်အုံနှင့် ချိုင်းအောက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် လဲကျခဲ့ရာ ရပ်ကွက်နေသူများက သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့စဉ် သေဆုံးခဲ့ကြောင်း သုဝဏ္ဏ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“သူ့မိန်းမနဲ့ အရင်က ချစ်ကြိုက်ခဲ့တာကို သဝန်တိုပြီး လင်မယားချင်း ရန်ဖြစ်နေရာက ဝပ်ရှော့ခ်မှာ လုပ်နေတဲ့ မိန်းမရဲ့ ရည်းစားဟောင်းကို ဓားနဲ့ လာထိုးတာလို့ သေဆုံးသူဘက်က မိသားစုဝင်တွေရဲ့ ပြောပြချက်အရ ကနဦး သိထားတယ်။ လတ်တလော ဓားနဲ့ထိုးပြီး ထွက်ပြေးသူကို မဖမ်းမိသေးတာကြောင့် အမှုကို စုံစမ်းစစ်ဆေးနေတယ်” ဟု ၎င်းက ရှင်းပြသည်။

သဝန်တိုစိတ်ဖြင့် ဇနီးသည်၏ အချစ်ဟောင်းကို ဓားဖြင့် ထိုးသတ်ခဲ့သူ ကိုရဲဇော်ဦးကို သုဝဏ္ဏ နယ်မြေရဲစခန်းက (ပ) ၁၃၃/၁၄၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

The Voice Weekly

No comments: