Monday, April 28, 2014

ကြေးပိဿာချိန် ၆၀ ခန့်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ပျောက်ဆုံး

Monday, April 28, 2014

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ထနီးကျေးရွာ ဘုရားကြီး ကျောင်းတိုက်အတွင်း နှစ်ပေါင်း တစ်ရာကျော်ကတည်းက ကိုးကွယ်ခဲ့သည့် ဉာဏ်တော် အမြင့် သုံးပေခန့်၊ အလေးချိန် ကြေးပိဿာချိန် ၆၀ ခန့်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဧပြီလ ၂၆ ရက်နေ့က ပျောက်ဆုံးသွားခဲ့ကြောင်း ထနီးကျေးရွာ ဒေသခံများက ပြောကြားသည်။

အဆိုပါ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ ထနီးကျေးရွာ ဘုရားကြီးကျောင်းတိုက်၊ ပြည်လုံးချမ်းသာ တန်ဆောင်းကြီးအတွင်း အပူဇော်ခံ ထားရှိပြီး တင်ပျဉ်ခွေ ကြေးသွန်း ရုပ်ပွားတော်ကြီး ဖြစ်သော်လည်း သင်္ဘောဆေး သင်္ကန်းများ ကပ်လှူထားခဲ့ကြောင်း၊ ပျောက်ဆုံးကြောင်းကို လေးအိမ်စု ရဲကင်းမှူးထံ အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“ပိဿာချိန် ၆၀ လောက် လေးတဲ့ ဒီကြေးကိုယ်တော်ကြီးကို ဘယ်လိုသယ်ကြသလဲ။ ကျွန်တော်တို့ ရွာသားတွေ သိချင်နေကြတယ်။ ကျောင်းထိုင်ဆရာတော် ဦးနန္ဒမာလာက ဝိနည်းအရ အမှုမဖွင့်ဘူး ဆိုတော့ ဂေါပကအဖွဲ့က အမှုဖွင့်ဖို့ လုပ်နေပါတယ်” ဟု ထနီးရွာသားတစ်ဦးက ပြောကြားသည်။

မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း၊ အခင်းဖြစ် ကျေးရွာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မအူပင် ရဲစခန်မှူးတို့ သွားရောက် စစ်ဆေးနေဆဲ ဖြစ်သောကြောင့် အသေးစိတ် အချက်အလက်များကို အတိအကျ မပြောနိုင်သေးကြောင်း မအူပင် ရဲတပ်ဖွဲ့စခန်း တာဝန်ကျ ရဲအရာရှိက အတည်ပြု ပြောကြားသည်။

ထနီးကျေးရွာမှာ မအူပင်မြို့နှင့် ၈ မိုင်ခန့် ကွာဝေး၍ မအူပင်-ရန်ကုန် ကားလမ်းမပေါ်တွင် တည်ရှိသော ရွာကြီးတစ်ရွာ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

The Voice Weekly

No comments: