Thursday, April 24, 2014

ရဲဘော်သုံးကျိပ်ဝင် အချို့နှင့် လွတ်လပ်ရေး မော်ကွန်းဝင် အချို့၏ အုတ်ဂူမြေနေရာကို အဆင့်မြှင့်

Thursday, April 24, 2014

ရဲဘော်သုံးကျိပ်ဝင် အချို့နှင့် လွတ်လပ်ရေး မော်ကွန်းဝင် အချို့၏ အုတ်ဂူများ တည်ရှိရာ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်ရှိ မြေလေးဧက နေရာတွင် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ထိန်ပင်သုသာန်တွင် ရဲဘော်သုံးကျိပ်ဝင် အချို့၏ အုတ်ဂူများနှင့် လွတ်လပ်ရေး မော်ကွန်းဝင် အချို့၏ အုတ်ဂူများ အပါအဝင် အုတ်ဂူပေါင်း ၆၀ ခန့် ရှိကြောင်း၊ အဆိုပါ အုတ်ဂူများ တည်ရှိရာ မြေနေရာကို လူအများ လာရောက် လည်ပတ်နိုင်သော အထိမ်းအမှတ် နေရာတစ်ခုကဲ့သို့ ဖြစ်လာစေရန် အဆင့်မြှင့်တင်ရေး လုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“မြက်ခင်းစိမ်း၊ ပန်းခြံလှလှလေးနဲ့ ထောက်ကြံ့က စစ်သင်္ချိုင်းလို အမှတ်တရ နေရာတစ်ခု ဖြစ်အောင် ပြင်ဆင်နေတာပါ။ ပြင်ဆင်မှု အပိုင်းကတော့ ပြီးသလောက် ရှိနေပါပြီ၊ အရိပ်ရ သစ်ပင်နဲ့ ပန်းပင်စိုက်ဖို့ပဲ ကျန်တော့တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အဆင့်မြင့်တင်မှု လုပ်ငန်းစဉ်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျခံကာ ဆောင်ရွက်လျက် ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။

“နိုင်ငံ့ကို အကျိုးပြုတဲ့ သူတွေကို ဂါရဝပြုတဲ့အနေနဲ့ လုပ်တာဖြစ်လို့ ဝမ်းသာအားရ ကြိုဆိုရမှာပါ။ ထူးထူးခြားခြား ဖြစ်အောင် လုပ်ပေးထားရင်တော့ အကောင်းဆုံးပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သုံးသပ်ပြောကြားသည်။

The Voice Weekly

No comments: