Thursday, May 01, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပထမဆုံးအကြိမ် အကျွတ်အလွတ်ဒါနပွဲ ပြုလုပ်မည်

Thursday, May 01, 2014
ယာဉ်မတော်တဆမှု များကြောင့် သေဆုံးသူ မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းတွင် အကျွတ်အလွတ် ဒါနပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဒါနပွဲကို မေလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့တို့တွင် အမြန်လမ်း (ဖြူးမြို့နယ်) မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ပြုလုပ်မည်ဖြစ်ပြီး ပင့်သံဃာတော် ငါးပါးက ယင်းနေရာ တစ်ဝိုက်ရှိ တောစောင့်နတ်၊ တောင်စောင့်နတ်များကို ဆုတောင်းအမျှဝေခြင်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ဒီအမြန်လမ်းဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီးတွေ ခုတ်လဲပစ်လိုက်လို့ သူတို့တစ်တွေ နေစရာ မရှိတာနဲ့ အခုလို အနှောင့်အယှက် ပေးနေသလား တွေးမိတယ်။ သူတို့တစ်တွေ မကျွတ်မလွတ် ဘဝနဲ့ ရှိနေကြလိမ့်မယ် ယုံကြည်လို့ ဒီအမျှဝေပွဲတော် ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးမိုးခိုင်က ရှင်းပြသည်။

ယင်းပွဲအစီအစဉ်အဖြစ် မေလ ၁၀ ရက်နေ့ ည၈ နာရီအချိန်တွင် အစားအစာ ကျွေးမွေးခြင်း၊ တောစောင့်နတ်၊ တောင်စောင့်နတ် အပေါင်းတို့အား တောင်းပန်ခြင်းများ ပြုလုပ်ကာ မေလ ၁၁ ရက်နေ့ နံနက်စောစောအချိန်တွင် အမျှပေးဝေခြင်း၊ သစ်ပင်အစားထိုး စိုက်ပျိုးခြင်းများ ဝိုင်းဝန်း ဆောင်ရွက်သွားရန် စီစဉ်ထားပြီး အဆိုပါ အကျွတ်အလွတ် ဒါနပွဲသို့ လိုက်ပါပြုလုပ်လိုသူ၊ ပါဝင်လှူဒါန်း လိုသူများအနေနှင့် ဒေါက်တာ မိုးမိုးခိုင် ဖုန်း ၀၂-၇၅၁၁၄၊ ၀၉-၂၀၅၁၁ ၂၂ ၊ မမိုးလေး ၀၉-၄၀၂၅၄၆၀၇၅ တို့ထံ ဆက်သွယ်နိုင်ပြီး မေလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့တော်မှ စတင်ထွက်ခွာမည်ဖြစ်ရာ စိတ်ပါ ဝင်စားသူတိုင်း မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကြိုတင် ဆက်သွယ်နိုင်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ ထပ်မံသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သော ၂၀၁၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားပြီး စုစုပေါင်း ၅၇ ဦး သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly

No comments: