Wednesday, May 21, 2014

ရန်ကုန်မြို့တော် အမှိုက်သိမ်းမည့် ပုဂ္ဂလိကကုမ္ပဏီ ရွေးချယ်မည်

Wednesday, May 21, 2014
ရန်ကုန်မြို့တော်အတွင်း မြို့နယ်များမှ ထွက်ရှိသော အမှိုက်များကို သိမ်းဆည်းခြင်း၊ သယ်ယူ စွန့်ပစ်ခြင်းတို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီခုနစ်ခုထဲမှ လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီကို အောက်တိုဘာလတွင် အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော် အမှိုက်သိမ်းစနစ်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင် ခွင့်ပြုရန် ဧပြီလက တင်ဒါခေါ်ယူခဲ့ရာ လျှောက်ထားသည့် ကုမ္ပဏီ ၁၂ ခု အနက် ခုနစ်ခုသာ (FEAISBILITY STUDY) ကနဦး လေ့လာဆောင်ရွက်ခွင့် ကြိုတင်ငွေ ကျပ်သိန်း ၅၀ ပေးသွင်းခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ကုမ္ပဏီခုနစ်ခုထဲမှ လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အမှိုက်သိမ်းစနစ်ကို လွှဲပြောင်း လုပ်ကိုင်လိုသော ကုမ္ပဏီများအနေနှင့် မေလမှစတင်ကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စည်ပင်ဝန်ထမ်းများ၏ လုပ်ကိုင်နည်း ဆောင်ရွက်ချက်များကို လေ့လာကာ ဌာနက စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် (Proposal) ကို တင်ပြရမည် ဖြစ်ကြောင်း၊ ယင်း Proposal ပေါ် မူတည်ကာ တင်ဒါရွေးချယ်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။
အမှိုက်သိမ်းစနစ်ကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင်မည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ကို ၁၀ နှစ် သတ်မှတ်ထားကြောင်း၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်ရှိ မြို့နယ် ၃၃ မြို့နယ်မှ စွန့်ပစ်
အမှိုက်များမှာ တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။
“အပြင်ကုမ္ပဏီက အမှိုက်သိမ်းမယ်ဆိုရင် စည်ပင်ထက် ဝန်ဆောင်မှု ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခွန်အခပေးရတာ များမှာတော့ စိုးရိမ်တယ်” ဟု စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်းတွင် နေထိုင်သူ ဒေါ်ခင်သီတာဖြိုးက ပြောကြားသည်။
The Voice Weekly

No comments: