Wednesday, May 14, 2014

.နိုင်ငံတော် သံဃမဟာနာယက၏ သက်တမ်းကိစ္စများ၊ အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး အမြန်ဆုံးခေါ်ယူကျင်းပရေး ကိစ္စများအပါအ၀င် ၁၈ ချက် ပြင်ဆင်ကာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းကို အတည်ပြု

Wednesday, May 14, 2014
နိုင်ငံတော် သံဃမဟာနာယက၏ သက်တမ်းကိစ္စများ၊ အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရေးကိစ္စများ အပါအ၀င် အချက်ပေါင်း ၁၈ ချက်ကို ပြင်ဆင်ကာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းကို အတည်ပြုခဲ့သည်။

မေ ၁၃ ရက်တွင် ရန်ကုန်မြို့ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတွင်ကျင်းပသည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်ချက် ၁၈ ချက်ပါဝင်သည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်ချက်မူကြမ်းကို တက်ရောက်လာသည့် သံဃာတော် ၂၅၅၈ ပါး၏ ဆန္ဒရယူကာ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မူလသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၌ "နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏သက်တမ်းသည် ယေဘုယျအားဖြင့် ခြောက်နှစ်ဖြစ်သည်။ ခြောက်နှစ်ပြည့်သောအခါ ၂၅ ရာခိုင်နှုန်း အဟောင်းအသစ်လဲလှယ်ရမည်။ ဤနည်းအတိုင်း သုံးနှစ်တစ်ကြိမ် ဆောင်ရွက်သွားရမည်" ဟုပါရှိနေခြင်းကို "နိုင်ငံတော်သံဃမဟာနာယက သက်တမ်းသည် ပုံမှန်အားဖြင့် ခြောက်နှစ်ဖြစ်သည်။ ထပ်မံရွေးချယ်ခံရပါက ဒုတိယခြောက်နှစ်သက်တမ်း ထမ်းဆောင်ခွင့်ရှိသည်။ ခြောက်နှစ်သက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့်မရှိစေရ" ဟု ပြင်ဆင်ရေးဆွဲခဲ့သည်။

ထို့ပြင် "နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းများကို သာသနာရေးဦးစီးဌာနက ဆောင်ရွက်ပေးမည်" ဆိုသည့် စာသားနေရာ၌ "နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းများကို သာသနာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးရမည်" ဟု အစားထိုးပြင်ဆင်ခဲ့သည်။

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးနှင့်ပတ်သက်၍ မူလသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၌ "သာသနာတော်တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် အရေးကြီးသော သာသနာရေးကိစ္စ ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီးကို ကျင်းပရမည်" ဟုပါရှိနေခြင်းကို "သာသနာတော်တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် အရေးကြီးသော သာသနာရေးကိစ္စပေါ်ပေါက်လာသည့်အခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်" ဟု ပြင်ဆင်အတည်ပြုခဲ့သည်။

ထို့ပြင် မြို့နယ်သံဃာ့ဝန်ဆောင် သက်တမ်းများ၊ ပြည်နယ်သံဃာ့ဝန်ဆောင်သက်တမ်းများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်သက်တမ်းများကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ သက်တမ်းများ၊ မြို့နယ်သံဃနာယကအဖွဲ့ သက်တမ်းများ၊ ပြည်နယ်/တိုင်းဒေသကြီး သံဃနာယက အဖွဲ့သက်တမ်းများကိုလည်း ပြင်ဆင်သတ်မှတ်ခဲ့သည်။

သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း စတုတ္ထအကြိမ် ပြင်ဆင်ဖြည့်စွက်ချက် (မူကြမ်း) ကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်မှ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသက ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးသို့ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ၁၉၈၀ ပြည့်နှစ် မေလတွင် သံဃာတော် ၁၂၁၈ ပါးဖြင့် ကျင်းပခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၁၉၈၅ ခုနှစ် မေလတွင် ၁၃၈၃ ပါးဖြင့် ကျင်းပခဲ့သည်။ တတိယအကြိမ်အဖြစ် ၁၉၉၅ ခုနှစ် မတ်လတွင် ၁၄၃၉ ပါးဖြင့် ကျင်းပခဲ့ပြီး နောက်ပိုင်းကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ၁၈ နှစ်ခန့် ကြာမြင့်ခဲ့သည်။ ယခုပဉ္စမအကြိမ် သံဃာ့အစည်းအဝေးကို မေ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေး၌ သာသနာတော်ဆိုင်ရာ အဆိုကိုးခုကို အတည်ပြုနိုင်ခဲ့သည်။

Eleven Media Group

(ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ ပိတ်ပွဲအခမ်းအနားတွင် ဂိုဏ်းပေါင်းစုံဦးဆောင်ဆရာတော်ကြီးများအား တွေ့ရစဉ် )

No comments: