Friday, May 23, 2014
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည် ရရှိရေး မိကျောင်းကန်သပိတ်စခန်း ဆိုပြီး ပြန်လည်ဖွင့်လှစ်လာတာကို တွေ့ရပါတယ်။ အခုဖွင့်နေတာဟာ ၃ ကြိမ် မြောက်ဖြစ်ပြီး ပထမဆုံးအကြိမ် သပိတ်စခန်းကို ၂၀၁၃ အောက်တိုဘာ လ ၂ ရက်နေ့မှစ၍ှ ၅ ရက်ကြား သပိတ်စခန်းစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒုတိယအကြိမ် အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစပြီး ၁၂ ရက်ကြာသပိတ်စခန်းထပ်မံဖွင့်ခဲ့ပါတယ်။ အခုတတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ စတင်ပြီး ယခုအချိန်ထိရက်ပေါင်း ၅၉ ရက်ရှိပြီ ဖြစ်ပါတယ်။ အခုလိုရက်ပေါင်းများစွာ သပိတ်စခန်းဖွင့်ပြီး ဘာအလုပ်မှ မယ်မယ်ရရလုပ်ကိုင်ခြင်းမရှိပဲရပ်တည်နေနိုင်တာစဉ်းစားစရာ ပင်ဖြစ်ပါတယ်။
တနည်းအားဖြင့် စဉ်းစားကြည့်လျှင် ရက်ပေါင်း ၇၆ ရက်တာဘာအလုပ်မှမလုပ်ပဲ ထိုင်စားနိုင်တာဟာ ဘီလီယံနာတွေထက်ပင် ဇိမ်ရှိလိမ့်မည်ထင်ပါတယ်။ ဘီလီယံနာတွေကမှ အပန်းဖြေခရီးထွက်ရင် နောက်ကနေ အလုပ်ကိစ္စဖြင့် ဖုန်းတွေလာပြီး စိတ်အနှောက်အယှက်ဖြစ်နေလိမ့်အုံးမယ်။ တကယ်တန်းတွက်ကြည့်ရင် ရက်ပေါင်း ၇၆ ရက်တာ စားဝတ်နေရေးအတွက် တစ်ဦးတစ်ယောက်ဟာ တစ်နေ့တာ ထမင်းဖိုးကို ၁၅၀၀ နဲ့ အကြမ်းဖျဉ်းတွက်အုံး တစ်သိန်းကျော်ကျနေပါပြီ၊ ဒါဟာတစ်ယောက်အတွက်ပဲရှိပါသေးတယ်။ လူအားလုံးနဲတွက်ကြည့်ရင်တော့ သိန်းရာ နဲ့ချီပြီး ကုန်ကျပါလိမ့်မယ်။ ဒါဟာအကြမ်းဖျဉ်း မြင်သာအောင်တွက်ချက်ပြတဲ့ သဘောပါ။ အမှန်တကယ် ဒီထက်ပိုပြီးကုန်ကျဖို့ပဲရှိပါတယ်။ ဒီလောက်များပြားသော ငွေကြေးများကို ဘာအလုပ်မှ လက်ဆုပ်လက်ကိုင် မယ်မယ်ရရမရှိပဲ အခုလိုအကုန်ကျခံကာသပိတ်စခန်းဖွင့်ပြီး နေထိုင်နေတာဟာ အမှန်တကယ် ယုံကြည်ချက် ခံယူချက်တွေ သန္ဓေတည်လို့ ငွေကြေး ကြိုတင်စုဆောင်းထားပြီး ဆန္ဒပြတယ်ဆိုတာမဖြစ်နိုင်ပါ။
ဒီလိုများပြားလှတဲ့ငွေကြေးတွေကိုဘယ်သူတွေကထောက်ပံ့နေတာလဲ? သေချာတာကတောစစ်တပ်အပေါ် လုံးဝ အကောင်းမြင်စိတ် မရှိသူတွေကနောက်ကွယ်ကနေ မြှောက်ပေး၊ ထောက်ပံ့နေလို့ အခုလို့ အခုလို ဇာတ်လမ်းတွေဖြစ်လာတယ်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး။ အမှန်တကယ် မိကျောင်းကန် မြေနေရာတွေဆိုတာ ပြောရရင် မူလက နိုင်ငံတော်ပိုင်မြေနေရာတွေပါ။ အဲဒီမှာ ကျူးကျော်နေကြတဲ့သူတွေကို ဟိုအရင်တည်းက သင့်တော်တဲ့မြေနေရာပေးပြီးပြောင်းရွှေ့ နေရာချ ထားပေးခဲ့ပြီးပါပြီ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ကျူးကျော်တွေ မှန်သမျှ မြို့ကွက်သစ်တွေမှာ နေရာချထားပေးခဲ့ပါတယ်။ ပြောင်းရွှေ့ရေးကိုလည်း တပ်မတော်က ကားတွေနဲ့ စနစ်တကျ သယ်ပို့ပေးခဲ့တာတွေဟာ ကြာပြီဆိုတော့လဲ မေ့လောက်ပါတယ်။ ဒါတွေကိုမသိချင်ယောင်ဆောင် တာလား၊ အမှန်တကယ်ပဲမသိလေရောလားဆိုတာ သွေးထိုးလှုံ့ဆော် သူတွေ၊ နောက်ကွယ်က ကြိုးကိုင်နေသူတွေ အသိပင်ဖြစ်ပေလိမ့်မည်။
ပွင့်လင်းမြင်သာတဲ့ခေတ်ဆိုပြီး နေရာအနှံ့အပြားမှာ တပ်သိမ်းမြေ၊ အစိုးရသိမ်းမြေတွေ နေရာတိုင်းမှာ တောင်းဆိုဆန္ဒပြနေတာတွေ ပေါ်ပင်ဖြစ်လာတော့၊ ငွေကြေးအမြောက်အများ အကုန်အကျခံကာ အစိုးရနှင့် ပြည်သူအကြား၊ တပ်နှင့် ပြည်သူ့အကြားမှာ သွေးထိုးရန်တိုက် ရန် စောင့်နေသော နိုင်ငံရောင်းစား နိုင်ငံရေး လုပ်စားသမားများ က ပြည်သူတွေ ကို သူတို့အတွက် ထိုးကြွေးကာ နိုင်ငံရေးအမြတ် ထုတ်နေကြပါတယ်။ ဒါကြောင့် အရင်တုန်းကပြီးပြတ်အောင် ဖြေ ရှင်းပေးထားခဲ့တဲ့ ကိစ္စတွေကိုအခုမှ ချေးခြောက် ရေနူးနေတယ် ဆိုတာ နိုင်ငံရေးအရ ရိုးသားမှုမရှိဘူးဆိုတာ အားလုံးအသိပင် ဖြစ်ပါတယ်။ ယခုလက်ရှိမိကျောင်းကန် ဆန္ဒပြသူတွေဟာလဲ နေ့တွက် အမှန်တကယ်ရနေ၍သာ သပိတ်စခန်းတွင်ရှိပြီး ဆန္ဒပြနေကြတယ်ဆိုတာခိုင်လုံတဲ့ မြေပြင်သတင်းများ အရ သိရှိရပါတယ်။ အမှန်တကယ် နစ်နာလို့ ယုံကြည်ချက် ခံယူချက်နဲ့ ဆန္ဒပြနေခြင်းမဟုတ်ပဲ အခကြေးယူကာ ဆန္ဒပြခြင်းအလုပ်ကို ပရော်ဖက်ရှင်နယ် သဘောမျိုးလုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဆန္ဒပြသူတွေဟာနိုင်ငံရေးစစ်တုရင် ခုံပုံက “ပွန်း”သဖွယ် အသုံးချခံသက်သက်ပင် ဖြစ်နေတယ်ဆိုတာ ကိုယ့်ကို ကိုယ် စဉ်းစားသုံးသပ် သင့်ပါတယ်။
အလုပ်အကိုင်မရသေးလို့ ပိုက်ဆံလွယ်လွယ်ရတယ်ဆိုပြီး ဆန္ဒပြနေမယ်ဆိုရင် အစိုးရ၊ စစ်တပ်နဲ့ နိုင်ငံရေးသမားများအကြား မှာ မြေဇာပင်ဖြစ်ကြပေလိမ့်မည်။ အမှန်တကယ်နစ်နာတယ်ဆိုရင် ယနေ့ခေတ်မှာ ပွင့်လင်းမြင်သာစွာပဲအစိုးရကဖြေရှင်းဆောင် ရွက်ပေးနေပါတယ်။ အရင်တုန်းကသိမ်းဆည်းထားခဲ့တဲ့ မြေယာတွေကို အထောက်အထားခိုင်လုံစွာနဲ့ ပြန်ပေးနေပါတယ်။ အရင်တုန်းကနေခဲ့တဲ့မြေနေရာတိုင်းကိုသာ ပြန်တောင်းကြမယ် ဆိုရင် ရန်ကုန်မြို့တော်မှာ ကျူးကျော်ခဲ့တဲ့ မြေနေရာတွေဟာတစ်မြို့လုံးနီး ပါးနေရာအနှံ့ ရှိခဲ့ပါတယ်။ ဒီလိုသာ တောင်းနေမယ်ဆိုရင်တော့ လွှတ်တော်သုံးရပ်ပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ ကျန်တဲ့ စီးပွားရေး၊ လူမှုရေးအသင်းအဖွဲ့ တွေပဲဖြစ်ဖြစ် နိုင်ငံတော်တိုးတက်ဖို့ ရှေ့ဆက်မလုပ်နိုင်ဘဲ နောက်ကြောင်းပြန်လှည့်ကြဖို့သာ ရှိပါတော့မည်။ ပြည်သူများ အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာဖို့ဆို တာ ဆန္ဒပြနေရုံ၊ လမ်းပေါ်ထွက်ပြီး ဒို့အရေး…ဒို့အရေး…အော်နေ ရုံနဲ့ ပေါ်ပေါက် လာမှာမဟုတ်ပါဘူး နိုင်ငံတော်ရဲ့တာဝန်ကို ကျရာနေရာ ကနေပြီးကျေပွန်အောင် ထမ်းဆောင်ပြီးလိုအပ်ချက်တွေ နားလည်မှုတွေနဲ့ တည်ဆောက်ကြရမည် ဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် နိုင်ငံရေး သမားများနှင့် စီးပွားရေးသမားများအကြားမှာ မြေဇာပင်မဖြစ်စေဖို့ ဂရုပြုကြရမည်ဖြစ်ပါကြောင်းတိုက်တွန်းရေးသားလိုက်ရပါတယ်။
ထွန်းတောက်
credit to : Online Update News

No comments:
Post a Comment