Wednesday,May 7, 2014
တပ်ထဲမှ သေနတ်တစ်လက်ကို ကလေးငယ်တစ်ဦးက ခိုးယူလာပြီး ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး သေနတ် ဒဏ်ရာရရှိခဲ့သောဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကသာခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
ကသာခရိုင်၊ အင်းတော်မြို့ နယ်၊ နောင်မိုးကျေးရွာတွင် မေ လ ၅ ရက် နေ့လယ်က အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းသည်။ သေနတ်ကိုင်ဆောင်ပစ်ခတ်သူမှာ (၁၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဖြစ်ခြင်းကြောင့် ၎င်းကို ကလေးသူငယ် ဥပဒေအရ စခန်းမှူး၏ ထိန်းသိမ်း စောင့်ရှောက်မှုအောက်တွင်ထား၍ စစ်ဆေးနေကြောင်း ကသာခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းသန်းက ပြောသည်။

‘‘တပ်ထဲကနေ သေနတ်ကို ခိုးလာပြီး သေနတ်ပစ်ဝါသနာပါတော့ လက်တည့်စမ်းတဲ့ သဘောနဲ့ ပစ်မိတာ ဖြစ်ပါလိမ့်မယ်။ ဒဏ်ရာရတဲ့သူလည်း အသက်အန္တရာယ်မရှိတော့ပါဘူး။ စိတ်ချရပါပြီ’’ ဟု ရဲအုပ်ဝင်းသန်း က ပြောသည်။
သေနတ်ပစ်ခတ်သူမှာ မိုးကောင်းမြို့နယ် ခ.လ.ရ (၁၀၅) ခြေမြန်တပ်ရင်းတွင် ထမင်းချက်အလုပ် လုပ်ကိုင်သူဖြစ်ပြီး ဗိုလ်မှူးတစ်ဦးကိုင်ဆောင်သည့် ပစ္စတိုသေနတ်ကို အင်းတော်မြို့သို့ ခိုးယူလာကာ ပစ်ခတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်း၏ လက်ချက်ကြောင့် နောင်မိုးကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ရင်ဘတ်တွင် သေနတ်ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ တက်ရောက်ကုသနေရကြောင်း အင်းတော်မြို့မ ရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။ အဆိုပါအမှုအား တရားမ၀င် လက်နက်ကိုင်ဆောင်မှုနှင့် နာကျင်စေမှု ဥပဒေပုဒ်မ ၃၃၈ ဖြင့် အင်းတော်မြို့မ ရဲစခန်းတွင် စစ်ဆေးလျက်ရှိသည်။
7Day News Journal
No comments:
Post a Comment