Wednesday, May 14, 2014

ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင်ရေသွန်း

Wednesday, May 14, 2014
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ ၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် မော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စေတီရင်ပြင်တွင် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေ့က ကျင်းပသည့် ညောင်ရေသွန်း ပွဲတော်သို့ ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အပါအဝင် ပင့်ဆောင်ထားသည့် သံဃာတော်များက ရင်ပြင်တော်ပေါ်သို့ မော်တော်ယာဉ်များဖြင့် တက်ရောက်ခဲ့ကြောင်း ရွှေမော်ဓောစေတီ ဂေါပကရုံးခန်းမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့လို့ပါ။ ကျန်တဲ့သူဆို ခွင့်မပြုဘူး။ မော်တော်ပီကယ်တွေကော လုံခြုံရေးတွေပါ ပါတယ်။ ဝန်ကြီးအပြင် ပင့်ထားတဲ့ ဘုန်းကြီးတွေလည်း ပါတယ်။ ၇ နာရီလောက်က လာတယ်။ ဂေါပကရုံးခန်းမှာ စကားပြောပြီး ၈ နာရီလောက် ပြန်သွားတယ်” ဟု ၎င်းကဆိုသည်။

၁၉၉၅ ခုနှစ်ဝန်းကျင် ယခင် ဂေါပကဥက္ကဋ္ဌ လက်ထက်တွင် ဘုရားမြောက်ဘက်မုခ် အရှေ့ဘက် ကပ်လျက်တွင်ရှိသော လမ်းဟောင်းကို လမ်းသစ်ခင်းခဲ့ပြီးနောက် ၎င်းကိုယ်တိုင်ကားဖြင့် ဂေါပကရုံးခန်းသို့ သွားခဲ့ဖူးကြောင်း ပဲခူးမြို့ပေါ်တွင် ဆေးခန်း ဖွင့်လှစ်ထားသူ ဒေါက်တာ ဦးစိုးမြင့်သန်းက ပြောကြားသည်။

“ဘုရားပေါ်မှာ ဖိနပ်မစီးသင့်သလို ကားနဲ့လည်း မတက်သင့်ဘူး။ ဘုရားရဲ့ မြောက်ဘက်မုခ်မှာရှိတဲ့ ဘီလူးမပန်းဆွဲအောက်မှာ တပင်ရွှေထီးကိုယ်တိုင် နားသခဲ့တဲ့ နေရာရှိတယ်။ ဗုဒ္ဓဘာသာ အနေနဲ့ ဖြစ်ဖြစ်၊ ဒေသခံအနေနဲ့ဖြစ်ဖြစ် မတက်သင့်ဘူး” ဟု ၎င်းကဆိုသည်။

ပဲခူးမြို့နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဆရာတော် ဥူးသီဟနရက အဆိုပါကိစ္စကို ၎င်းအနေနှင့် မသိရှိသေးကြောင်း၊ မှန်ကန်သည်ဆိုပါက အဖွဲ့တွင် ဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်လာနိုင်ကြောင်း၊ ယင်းကိစ္စ အမှန်တကယ် ဖြစ်ပါက ဗုဒ္ဓဘာသာ ဝန်ကြီးချုပ် တစ်ဦးအနေနှင့် ဘုရားပေါ်တွင် ယခုလိုပြုမူမှုမှာ မသင့်လျော်ကြောင်း မိန့်ဆိုသည်။

တပ်မတော်အရာရှိများ အပါအဝင် ဌာနဆိုင်ရာ အရေးကြီး ပုဂ္ဂိုလ်များကိုသာ ဘုရားရင်ပြင်တော်ပေါ်သို့ အဆိုပါလမ်းမှတစ်ဆင့် ကားဖြင့် တက်ရောက်ခွင့်ပေးပြီး ကျန်သည့် အချိန်များတွင် သံတံခါးဖြင့် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly

No comments: