Tuesday, May 06, 2014

ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေး၏ မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း

အပိုင်း (၁)

ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ခပ်စိပ်စပ်ဖြစ်ပေါ်လာမှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်ခဲ့ရ ပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည် ဖြစ်ပွား ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေအထား တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကို ဧပြီလ နောက်ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

သို့

ဦးကိုကို (ကိုကို စက်မှုတက္ကသိုလ်)

၁။ ဦးကိုကို၏စာကို လက်ခံရရှိပါတယ်။ စာပါ အကြောင်းအရာများကို ကြည့်လိုက်တော့ အောက်ပါအတိုင်း တွေ့ရပါတယ်-

(က) တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်စဉ်အခြေအနေ

(ခ) အခြားတိုင်းရင်းသား အဖွဲ့အစည်းများဖြစ်တဲ့ SSA၊ RCSS၊ “ဝ” တို့နှင့် အခြေအနေ

(ဂ) အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေ

(ဃ) အပစ်အခတ်ရပ်စဲရေး အပေါ် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ရပ်တည်ချက်

(င) တပ်မတော်၏ ရပ်တည်ချက်

၂။ ဦးကိုကိုရဲ့ စာအရ မေးခွန်းတွေကို ကြည့်ရင် ဦးကိုကိုတို့အပါအဝင် စာနယ်ဇင်း သမားတွေအနေနဲ့ တစ်ဘက်မှ KIAနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ လေထဲက စကား တွေကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အမှန်လို့ ထင်မြင်နေတဲ့အပြင် တပ်မတော် အပေါ် မှာလည်း နဂိုကတည်းက အမြင်မရှင်းချင်တာကြောင့် တပ်မတော်အပေါ် အကောင်း မမြင်တာ သဘာဝကျပါတယ်။ တပ်မတော်အနေနဲ့ကလည်း အထက်မှ ပေးတဲ့အမိန့်နှင့် တာဝန်အတိုင်း စည်းကမ်းနှင့်အညီ လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့၊ တာဝန်မရှိရင်၊ တာဝန်ပေးမခံရရင် ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လမ်းကိုယ် လျှောက်တာပဲဆိုတဲ့အသိနဲ့ Media မှာပါတာတွေ၊ ရေးတာတွေ အပေါ်မှာလည်း သိပ်ပြီး မတုံပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း တချို့ဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ အရင်ပြောတဲ့သူက အမှန်လိုဖြစ်နေပြီး တပ်မတော်ဘက်က ရေးမယ့်၊ ပြောမယ့်သူလည်း မရှိပါဘူး။ အခုလည်း ဦးကိုကိုအနေနဲ့ တပ်မတော်ဘက်က အခြေအနေမှန် သိချင်တာကြောင့် မေးတယ်လို့ပဲ ယူဆပြီး ရှင်းပြရတာဖြစ်ပါတယ်။

၃။ ဧပြီလအတွင်း တပ်မတော်နဲ့ KIA တို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး (၂၀-၄-၂၀၁၄)ရက်နေ့ထုတ် သတင်းစာမှာ ပါတာတွေဟာ အမှန်တရားတွေပါပဲ။ လုံးဝ လိမ်ညာရေးထားတာ မပါဘူး။ ကွဲလွဲချက်ဘာကြောင့် ရှိရလဲဆိုရင် KIA အနေနဲ့ အစကတည်းက တိုက်ပွဲဖြစ်စဉ်တွေအပေါ်မှာ အမှန်မပြောခဲ့၊ မရေးခဲ့တာကြောင့် ဖြစ်ပါ တယ်။ KIA ဘက်က ရေးတဲ့ Media တွေ အနေနဲ့လည်း ထင်ရာမြင်ရာ ရေးတဲ့အပြင် တပ်မတော်ကလည်း သတင်းမထုတ်တဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး တစ်ဆိတ်ကို တစ်အိတ် လုပ်ရေးတော့တာပါပဲ။ ပြီးခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဘက်မှ ၅၀၀၀၀ လောက်ကျတယ်လို့ ရေးတဲ့သူက ရေးသလို ယုံချင်တဲ့သူကလည်း ယုံတတ်ကြပါတယ်။ KIA နဲ့ ဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ရခဲ့တဲ့ အလောင်းလက်နက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းဓာတ်ပုံတွေ အများကြီးရှိပါတယ်။ သူတို့ဆီက ထုတ်ပြန်ရေးသလို ရေးလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အနေနဲ့ စည်းကမ်းရှိပါတယ်။ တပ်မတော် က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ပါဘူး။ လူမျိုးရေးအသွင်သဏ္ဍာန် ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် မဖြစ်သွားအောင် ထိန်းရ ပါတယ်။ သူတို့ဘက်က ကျတော့ ဘာမှ မထိန်းပါဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိ ခေါင်းဖြတ် အသတ်ခံရတဲ့ဖြစ်စဉ်မျိုးကို သူတို့ဘက်ကကျတော့ ဝန်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ။

၎။ မန်ဝိန်းကြီးဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေ သတင်းစာမှာ ပါပြီးပါပြီ။ ဒါပေမဲ့ ထပ်ရှင်းပြ ချင်တယ်။ မန်ဝိန်းဒေသဟာ တကယ်တော့ ရှမ်းလူမျိုးစုတွေ အများစုနေထိုင်တဲ့နေရာ ဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားခဲ့တော့ ရဲစခန်းရော၊ တပ်မတော် စခန်းရော၊ အကောက်ခွန်စခန်းတွေရော ရှိတယ်။ ၂၀၁၁ခုနှစ် ဇွန်လမှာ KIA က လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်တော့ KIA တွေဝင်ပြီးနေတယ်။ ဒေသခံတွေကို နှိပ်စက် တယ်။ လူတွေကို အဓမ္မ ဖမ်းဆီးပြီး KIA စစ်သားလုပ်ခိုင်းတယ်။ ဆက်ကြေးတွေ ကောက်တယ်။ ဥပဒေမဲ့ သတ်ဖြတ်တယ်။ နိုင်ငံရဲ့ သယံဇာတတွေကို ခိုးထုတ်တယ်။ ဒါကြောင့် ဒေသခံတွေက သူတို့နယ်မြေကို ကာကွယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ တယ်။

၅။ တစ်ခါ ဧပြီ ၃ရက်မှာ မန်ဝိန်းကြီးနဲ့ ကောင်းမုယန်လမ်းပေါ်မှာ ပုံမှန်တပ်လဲလှယ်ဖို့ တာဝန်နဲ့ သွားနေတဲ့ကားကို KIAက ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်က ဗိုလ်မှူး တစ်ယောက် ကျဆုံးခဲ့ရတယ်။ ဧပြီ ၁၁ရက်မှာ မိုးမောက်မြို့နယ် ကျောက်စခန်းအနီး ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်ဖို့ သွားနေတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်ခဲ့လို့ စစ်သည်နှစ်ဦး ကျဆုံးပြီး စစ်သည်ကိုးဦး ဒဏ်ရာရခဲ့သလို ယာဉ်ပေါ်ပါတဲ့ လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်သွယ်ရေးစက်တွေ၊ ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဥပဒေမဲ့လုပ်ရပ်မျိုးနဲ့ လုပ်နေတဲ့ KIAရဲ့ လုပ်ရပ်တွေထဲက တချို့ ဖြစ်တယ်။ ဒီတော့ ဒေသခံပြည်သူလူထုရဲ့ တောင်းဆိုမှုတွေ တပ်မတော်က လျစ်လျူရှု ထားလို့ မရသလို တရားဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးတာဝန်တွေအရ တပ်မတော်က အကန့်အသတ်နဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီလို ရှင်းလင်းတဲ့ အခါမှာ လည်း KIA ဘက်က စတင်ပစ်ခတ် တိုက်ခိုက်မှ မိမိဘက်က အတတ်နိုင်ဆုံး ထိန်းသိမ်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေဒေသအတွင်းမှာ ပြည်သူလူထုတွေ တစ်စုံ တစ်ရာ ထိခိုက်နစ်နာမှုမရှိခဲ့ဘူး ဆိုတာ သက်သေအဖြစ်နဲ့ တည်ရှိနေပါတယ်လို့ ပြောချင် ပါတယ်။ KIA ဘက်က ထုတ်ပြန်တာကို ယုံတယ် ဆိုရင်တော့ မတတ်နိုင်ပါ။ အကယ်၍ ငြိမ်းချမ်းသွားရင် ဖြစ်ရပ်မှန်ဟာ ဖုံးကွယ်ထားလို့မရဘဲ ဘူးပေါ်သလို ပေါ်လာမှာပါ။ ဒါကြောင့် အချိန်ကိုပဲ စောင့်ပါလို့ ပြောချင်ပါတယ်။

၆။ တစ်ဆက်တည်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလောင်ဒေသ အပါအဝင် ရှမ်း(မြောက်) မှာဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို တပ်မတော်က စစ်အင်အား တိုးချဲ့လို့လား၊ KIA ကမြှောက်ပေးလို့ လုပ်ရတဲ့ TNLA အပါအဝင် SSA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ နယ်မြေ ချဲ့ထွင်မှုကြောင့် ဖြစ်တာလား စဉ်းစားသုံးသပ်နိုင်ပါတယ်။ ဥပမာ-မိုးကုတ်၊ မိုးမိတ်နယ်မြေ ဆိုတာ KIA လည်း မရှိသလို ရှမ်းအဖွဲ့အစည်းလည်း မရှိပါ။ သို့သော်လည်း မိမိနယ်မြေ မဟုတ်တဲ့ နယ်မြေမှာ ဝင်လာတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို၊ နေရာ သတ်မှတ်ချက်မရှိဘဲ ဝင်လာတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို နယ်မြေ ထိန်းသိမ်း ရေး နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့တွေ အနေနဲ့ တားမရရင် ပစ်ခတ်ထိန်းသိမ်းရတာ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်တဲ့ အပေါ်မှာ တပ်မတော်ဟာ နယ်မြေချဲ့ထွင်လို့ မဟုတ်ပါ။ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကတိမတည်လို့ ဖြစ်ပါတယ်။ နယ်မြေချဲ့ထွင် လို့ဖြစ်ပါတယ်။ အထူးသဖြင့် KIA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ထားတဲ့အပြင် စည်းကမ်းလည်းမရှိ၊ ကတိလည်း မတည်။ နယ်မြေလည်း ချဲ့ဆိုတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလွှဲမရှောင်သာ ဖြစ်ရတာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်


မလ ၅ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာ အတွဲ(၁) အမှတ်(၅၇)

No comments: