Monday, May 12, 2014

မြေယာမဲ့များကို မြေပေးရန် စတင်စာရင်းကောက်နေပြီဟုဆို

Monday, May 12, 2014

လယ်ယာစိုက်ပျိုးရန်၊ မွေးမြူရေးလုပ်ငန်းလုပ်ရန် မြေနေရာလုံးဝမရှိသည့် မိသားစုများ နှင့် ၀န်ထမ်းများ၊ ပင်စင်စားများကို မြေနေရာပေးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက လုပ်ကိုင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။

လယ်စိုက်ပျိုးရန် မြေယာလုံးဝမရှိသည့် မိသားစုများနှင့် မြေကြီးမရှိသည့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်း မြေပေး နိုင်ရန် တိုင်းဒေသကြီးအစိုးရများက စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဦးစိုးသိန်းက မေလ ၁၁ ရက်တွင် မန္တလေးမြို့ ရွှေပြည်သာဟိုတယ်၌ ပြုလုပ်သည့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ပြောကြားသည်။

‘‘Iandless Household (မြေပိုင်မရှိသူ မိသားစု)တွေကို မြို့နယ်အလိုက်၊ တိုင်းအလိုက်၊ ခရိုင်အလိုက် မြေတွေချပေးမယ်။ မိသားစုတစ်စုကို နှစ်ဧကဖြစ်ချင် ဖြစ်မယ်။ ငါးဧကဖြစ်ချင်ဖြစ်မယ်။ ပြန်တော့မရောင်းရဘူး။ အခု အစိုးရအဖွဲ့က စာရင်းစကောက်နေပြီ သူတို့မြန်မြန်လုပ်ရင် လုပ်သလို တစ်နှစ်၊ နှစ်နှစ်အတွင်း ပေးနိုင်မယ်’’ ဟု ဦးစိုးသိန်းက ပြောကြားသည်။

ထို့ပြင် နေစရာမရှိသေးသည့် ၀န်ထမ်းများ၊ ပင်စင်စားများအတွက်လည်း မန္တလေးမြို့ ရှိ လွတ်သည့်နေရာများ၌ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ပြီး အရစ်ကျစနစ်များဖြင့် ရောင်းချပေးနိုင်ရန်လည်း တိုင်းဒေသကြီး  အစိုးရအဖွဲ့က စီစဉ်နေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အ၀န်းမှာ အရှေ့တောင် အာရှနိုင်ငံများထဲတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေမှာလည်း ၅၅ သန်းခန့်သာ ရှိသောကြောင့် လူတိုင်းကို မြေပေးနိုင်ကြောင်း မြန်မာနိုင်ငံတွင် မြေယာမဲ့ရှိစရာ အကြောင်းမရှိကြောင်း ၀န်ကြီးဦးစိုးသိန်းက ထည့်သွင်း ပြောကြားသည်။

လာမည့် ကာလများတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ဖွံ့ဖြိုးရေး၊ မြို့တော်ဖွံ့ဖြိုးရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံလူထုနှင့် တိုင်ပင်ပြီး ပူးပေါင်းလုပ်ကိုင်နိုင်မည့် အခြေအနေထိ ရောက်ရှိရန် ရည်ရွယ်ထားကြောင်း နိုင်ငံတော်သမ္မတရုံး  ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းက ယင်း ဖိုရမ်တွင်ပင် ထည့်သွင်းပြောကြားခဲ့သည်။

7Day News Journal

No comments: