Monday, May 19, 2014

ပြင်သစ် စာနယ်ဇင်းကျောင်းသား ၅၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်လေ့လာ

မေလ ၁၉ ရက် ၂၀၁၄ ခုနှစ်

မြန်မာနိုင်ငံ အခြေစိုက် ပြင်သစ်သံရုံး၏ အစီအစဉ်ဖြင့် ပြင်သစ်နိုင်ငံ SARTGR BOURG UNIVERSITY မှစာနယ်ဇင်းပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၅၄ ဦးသည် မေလဒုတိယပတ်မှ စတင်ကာ မြန်မာနိုင်ငံသို့ လာရောက်ကာ လက်တွေ့ကွင်းဆင်း သတင်းရေးသားခြင်းများ ပြုလုပ်လျက် ရှိကြောင်း ယင်းကျောင်းသားများထံမှ သိရှိရသည်။
ယင်းတက္ကသိုလ်တွင် သတင်းစာပညာ မဟာဘွဲ့တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ၅၄ ဦးသည် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး ၊လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကျန်းမာရေး ကိစ္စများကို သိရှိနိုင်ရန်အတွက် တစ်လကြာ ကွင်းဆင်း သတင်းရေးသားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများထဲမှ ကျောင်းသားတစ်ဦးဖြစ်သူက ပြောကြားသည်။
အဆိုပါအဖွဲ့မှ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့သည် မေလ ၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပလိပ်အင်းအတွင်း လုပ်ကိုင်နေသော တောင်သူများနှင့် စဥ့်ကိုင်မြို့နယ် တဖက်ဆွဲကျေးရွာအုပ်စု အရှေ့ရွာသစ် ကျေးရွာတွင် ပြုလုပ်သော ထွန်တုံးတိုက်ပွဲ၊ တောမကျေးရွာရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း မြေသိမ်းခံ တောင်သူများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း စိမ်းရောင်စို (ပလိပ်) အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူ နှစ်ဦးသည် ပလိပ်အင်း ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တောင်သူများ၏ အင်းကို အမှီပြုသော လူမှုဘဝများကို လေ့လာခဲ့သကဲ့သို့ ပလိပ်မြို့ခံ ခေတ်ပေါ် ကဗျာဆရာ တစ်ဦးနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးက ထပ်မံပြောကြားသည်။

The Voice Weekly

No comments: