Monday, May 26, 2014

မူးယစ်ရာဇာအိုက်ပန်းကို ဖမ်းဆီးခဲ့စဉ်က ကိုယ်တိုင်ပါဝင်ခဲ့သော အငြိမ်းစားအရာရှိတစ်ဦး၏ အတွေ့အကြုံ

 (ကိုယ်တိုင်ပါဝင်ခဲ့သူ နောက်တစ်ဦးရဲ့ စာကိုလည်း တင်လက်စနဲ့ မူရင်းအတိုင်း ဆက်ပြီးတင်ပေးလိုက်ပါတယ်..)


လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆရာစိုးညွန့်ရေးထားတဲ့ မူးယစ်ရာဇာအိုက်ပန်းကို ဖမ်းဆီးခဲ့စဉ်က ကိုယ်တွေ့ဖြစ်ရပ် ဆိုတဲ့ ဆောင်းပါးလေးကို Online ပေါ်မှာ ဖတ်လိုက်ရတော့ အဲ့ဒီဖြစ်စဉ်မှာ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ယောက်အနေနဲ့ အတွေ့အကြုံလေးတွေကို ပြောပြချင်စိတ် ပေါ်လာခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီအချိန်တုန်းက တိုင်းမှူး (ယနေ့တပ်ချုပ်ကြီး)ရဲ့ လျှို့ဝှက်လေ့ကျင့်တာဝန်ပေးခြင်းခံရတဲ့ တပ်ရင်းက ဒုတပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အခုတော့ တပ်မတော်ကနေအငြိမ်းစားယူပြီး အပြင်မှာ စီးပွားရေးလုပ်နေပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက အဲဒီဖြစ်စဉ်ကို ရေးခဲ့တဲ့ ဆရာစိုးညွန့်ဟာ အစအဆုံးဇာတ်ရေလည်ပြီးသွားမှ ပြန်ရေးပြနိုင် တာဖြစ်ပါတယ်။ တကယ်ဖြစ်စဉ်ဖြစ်တုန်းကဆိုရင် တိုင်းမှူးက တာဝန်တစ်ခုလုံးကို စနစ်တကျနဲ့လျှို့ဝှက်ပြီးလုပ်ခဲ့လို့ ကျွန်တော်တို့ ကိုယ်တိုင် ဘာမှန်းမသိခဲ့ပါဘူး။ တပ်ရင်းမှာ လေ့ကျင့်ခန်းလုပ်နေရတဲ့ အရာရှိ၊ စစ်သည်တွေက မေးတာကိုတောင် တိကျရေရာတဲ့ အဖြေ ကျွန်တော်မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တိုင်းမှူးအနေနဲ့ အခုလို လေ့ကျင့်ခိုင်းတာဟာ တာဝန်ကြီးတစ်ရပ် ကို လုပ်တော့မယ်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ခန့်မှန်းမိခဲ့ပေမယ့် ဘာလုပ်မယ်ဆိုတာတော့ အတိအကျ မသိခဲ့ရ ပါဘူး။


ကျွန်တော်တို့ တပ်ရင်းတစ်ရင်းလုံး တော်တော်ပင်ပန်းကြပါတယ်။ တပ်ရင်းတစ်ရင်းလုံး ချုံခိုတိုက်ခိုက်ခြင်း၊ တပ် ဖျောက်ခြင်း၊ တောတွင်းနေထိုင်စားသောက်ခြင်း လေ့ကျင့်ခန်းတွေကို တိုင်းမှူးအမိန့်နဲ့ ၃ ပတ်လောက် လေ့ကျင့်ခဲ့ရ ပါတယ်။ လေ့ကျင့်ခန်းသာ လုပ်နေရပေမယ့် ဘာမှမသိရဘဲ နောက်ပိုင်း စရဖတပ်မှူး ရောက်လာမှ အကျိုး အကြောင်း သိရတော့တယ်။ မူးယစ်ရာဇာအိုက်ပန်းကို ဖမ်းဆီးဖို့ ကျွန်တော်တို့ တပ်ရင်းကို လျှို့ဝှက်လေ့ကျင့်ခိုင်း တယ်ဆိုတာရယ်၊ ပြီးတော့ ညတွင်းချင်း တောလမ်းအတိုင်း ကျွန်တော်တို့ တပ်ရင်း တစ်ရင်းလုံး ဘယ်သူမှ မသိအောင် လျှို့ဝှက်ချီတက်ခိုင်းတဲ့ အကြောင်းအရင်းကို စရဖတပ်မှူး ပြောပြမှ သိရလို့ ကျွန်တော်လည်း အတော် အံ့အားသင့်ခဲ့ရပါတယ်။

တစ်ဆက်တည်းဆိုသလို တိုင်းမှူးရဲ့ လျှို့ဝှက်စွာ ကျွန်တော်တို့ တပ်ရင်းကို လေ့ကျင့်ခိုင်းခဲ့တာဟာ ကာယကံရှင် ကျွန်တော်တို့ မသိသလို တိုင်းက စစ်ဆင်ရေး G1 တောင်မသိရတဲ့အထိ တိုင်းမှူးရဲ့ အစီအစဉ်က လျှို့ဝှက်လွန်းပါ တယ်။ တိုင်းမှူးနဲ့ အနီးကပ် စစ်ဆင်ရေး တာဝန်တွေ ရှင်းလင်းတင်ပြနေရတဲ့ စစ်ဆင်ရေး G1 ကြီးက ကျွန်တော်တို့ တပ်ရင်းကို ဘာအတွက် လေ့ကျင့်ခန်းတွေ လုပ်နေတာလဲ ဆိုပြီးလှမ်းမေးပါတယ်။ ကျွန်တော်မသိပါဘူး G1 ကြီး ခင်ဗျာလို့ဖြေတော့ ပြန်မဖြေနိုင်ရကောင်းလားဆိုပြီး ကျွန်တော့်ကို စိတ်ဆိုးသွားပါတယ်။ စစ်ဆင်ရေး G1 ကြီး မသိအောင် တိုင်းမှူးရဲ့ လျှို့ဝှက်မှုက အံ့အားသင့်စရာကောင်းနေသလို အခုမှ တိုင်းမှူးရဲ့ ပရိယာယ်ကို သဘော ပေါက်မိပါတယ်။

ကျွန်တော်တို့ တပ်ရင်း လေ့ကျင့်ခန်းလုပ်နေတာကို စရဖ တပ်ဖွဲ့မှူးလာပြီး တိုင်းမှူးက ကျွန်တော် ပြောတဲ့အတိုင်း လုပ်ပါလို့မှာကြောင်း ပြောတုန်းက ကျွန်တော်နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် တိုင်းမှူးက ဒီလျှို့ဝှက်လေ့ကျင့်မှုတွေကို မပေါက်ကြားစေချင်တာကြောင့် စရဖ တပ်မှူးကို တာဝန်ပေးခဲ့မှန်း အခုမှပဲ သဘောပေါက်ခဲ့ရပါတယ်။

တိုင်းမှူးဟာ ကျွန်တော်တို့ တပ်ရင်းကိုပဲ လျှို့ဝှက်စေခိုင်းခဲ့တာ မဟုတ်ပါဘူး။ ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဦး ကိုယ်တိုင်တောင် တိုင်းမှူးရဲ့ လျှို့ဝှက်လုပ်ဆောင်မှုကို အံ့အားသင့်ခဲ့ရပါတယ်။ ပန်ဆန်းကနေ ထွက်လာတဲ့ ‘၀’ တပ်ဖွဲ့ ယာဉ်တန်းကို စောင့်ဖို့ တိုင်းမှူးက ဗိုလ်မှူးကြီး သိန်းဦးကို မိုင်းညှင်းစခန်းမှာ တာဝန်ပေးရင်း စောင့်ခိုင်းထား ပါတယ်။ ယာဉ်တန်းဖြတ်ပြီးရင် နောက်ကပိတ် ခပ်ခွာခွာက လိုက်ခဲ့လို့ ပြောပေမယ့် ဘာအတွက်မှန်း တကယ် မသိခဲ့ဘူးလို့ နောက်တော့ ပြန်ပြောပြပါတယ်။ မိုင်းပေါက် - နောင်ချို - မိုင်းပျင်း - မိုင်းဆတ်လမ်းကြောင်းအတိုင်း ‘၀’ တပ်ဖွဲ့ယာဉ်တန်းကြီး ဖြတ်သွားတော့ ဗိုလ်မှူးကြီး သိန်းဦးလည်း စစ်ကြောင်းတစ်ကြောင်းနဲ့ နောက်က ပိတ်လိုက်လာပါတယ်။ နောက်မှသိရတာက မိုင်းလားဘက်ကနေ ကျိုင်းတုံဘက်ကို လာတဲ့ လမ်းမှာရှိတဲ့ ၀မ်တာပင်း တံတားမှာ တပ်ရင်းတစ်ရင်း ရှိတယ်ဆိုတာပါပဲ။ ကျွန်တော်တို့က တုံတာ (၉)ထပ်ကွေ့မှာ တပ်ရင်း(၂)ရင်းနဲ့ စောင့်နေပြီး ယာဉ်တန်းက နောင်ချိုကနေ မိုင်းပျင်းဘက်ကို ကွေ့သွားပြီဆိုတော့မှ နောက်ကနေ ပိတ်လိုက်လာခဲ့ တာပါ။ နောင်ချို - မိုင်းပျင်းကြားက လမ်းပေါ်မှာ လမ်းကျဉ်းနေရာကို မိုင်းခွဲပြီး ကျောက်တုံး တွေနဲ့ ပိတ်ထားကာ ‘၀’ ယာဉ်တန်းကို စစ်ဆေးဖို့ ရပ်ခိုင်းတော့မှသာ အဖြစ်မှန်ကို သိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီစီမံချက်ကြီး တစ်ခုလုံးကို တိုင်းမှူးအနေနဲ့ ဘယ်သူမှ မသိအောင် လျှို့ဝှက်ပြီး လုပ်သွားခဲ့တာဖြစ်သလို၊ တိုင်းမှူးရဲ့ နည်းပရိယာယ် ကြွယ်ဝမှုကြောင့် မူးယစ်ရာဇာ အိုက်ပန်းနဲ့ ‘၀’ တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါးတွေ၊ လက်နက်၊ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ဇာတ်လမ်းအစအဆုံးကို သိပြီးမှရေးသော ကိုစိုးညွန့်ကို ကျေးဇူးတင်သလို အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့တဲ့ ကျွန်တော့်အနေနဲ့လည်း ယခုတပ်ချုပ်ကြီး (တိုင်းမှူး) တာဝန်ထမ်းဆောင်စဉ်က မူးယစ်တရားခံ တစ်ယောက်ကို သေနတ်တစ်ချက် မပစ်ရဘဲ နည်းပရိယာယ်ကြွယ်ဝစွာ လျှို့ဝှက်လုပ်ဆောင်နိုင်ခဲ့ပုံတွေကို ယနေ့ အချိန်ထိ အမှတ်တရရှိနေဆဲ၊ တပ်ချုပ်ကြီးကိုလည်း လေးစားဂုဏ်ယူနေဆဲဆိုတာ စိတ်ထဲက စိတ်ရင်းအမှန်နဲ့ ကိုယ်တွေ့ဖြစ်ရပ်အား ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

Comments


   Quarter Man                  မှန်ပါတယ်။ ရဲမင်းကြီး ဘကြည်က အဲဒီဖြစ်စဉ်အကြောင်း ခဏခဏ ပြောဖူးလို့ သိနေခဲ့ပါတယ်။ အခုတပ်ချုပ်ကြီး  (တိုင်းမှူး ဘ၀ ) တုန်းက သွေးအေးအေး လုပ်သွားတဲ့ ဖြစ်စဉ်ပါ။ လျှို့ဝှက် တာကတော့ တကယ်ကို အနီးကပ်နေတဲ့ တိုင်းရုံးက အရာရှိကြီးတွေ မသိလိုက်ဘူးလို့ ပြောပါ တယ်၊ အဲဒီ တိုင်းမှူးနဲ့ တွေ့လို့ ကျွန်တော်တို့ ရဲတွေ အေးအေးဆေးဆေးနဲ့ ပြီးသွားတာ၊ အရင် တိုင်းမှူး သာဆိုရင် ငါတို့ရဲတွေ ပြာယာခတ်နေပြီ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူးလို့ ရဲမင်းကြီးက မှတ်ချက် ပေးခဲ့ပါတယ်။

Kyaw Thaung                  ရဲမှူးကြီး ခမ်းအောင်နဲ့ တိုင်းမှူးဆီသွားတွေ့တဲ့ မူးယစ်အဖွဲ့မှာ ကျွန်တော်ပါ ပါတယ်။  တိုင်းရိပ်သာက စစ်ဆင်ရေးခန်းမှာ ကျွန်တော်တို့ မူးယစ်အဖွဲ့နဲ့ တရုတ် မူးယစ်အဖွဲ့တွေ သွားတွေ့တဲ့အချိန် တိုင်းမှူးရဲ့ Plan ကိုကြည့်ပြီး တရုတ် တွေ တော်တော် လေးစားသွားကြတယ်။ တိုင်းမှူးက ‘၀’ တပ်ဖွဲ့တွေ လာနိုင်သမျှ လမ်းကြောင်း တွေကို ပိတ်ဆို့ထား ပြီး တရားခံကို မမိမိအောင်ဖမ်းဖို့ ပြင်ဆင်ထား တဲ့ သဘောပဲဗျ၊ ဘယ်လိုမှ လွတ်စရာ အကြောင်း မရှိပါဘူးဆိုပြီးတော့ တရုတ် တွေက ချီးကျူးပြောဆိုခဲ့ပါတယ်။

credit to : NyiToe Nyein

No comments: