Tuesday, May 27, 2014
မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်တန့်ရေး ရန်ကုန်မှ ကချင်ပြည်နယ်မြစ်ဆုံသို့ လမ်းလျောက် ဆန္ဒဖော်ထုတ်သူများထံလှူဒါန်းသောအလှူငွေများကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ချုပ်မှ ချုပ်ကိုင်ထားသည်ဟု မြစ်ဆုံ လမ်းလျှောက်အဖွဲ့ဝင်များကစွပ်စွဲပြောဆိုလိုက်သည်။
ရန်ကုန်မှ မြစ်ဆုံသို့ လမ်းလျှောက်ရာတွင် ပုဂံသို့အရောက် အလှူရှင်များက လှူဒါန်းကြပြီး အဆိုပါအလှူငွေများကို ဦးမြင့်ဝင်းမောင်က လာရောက်သိမ်းခြင်းအပြင် မြစ်ဆုံသို့လမ်းလျှောက်ရန်အတွက် ပံ့ပိုးငွေများကိုလည်း စာရင်းဇယားရှင်းလင်းစွာဖြင့် ချပြခြင်း မပြုလုပ်ပေးဘူးဟု မြစ်ဆုံလမ်းလျှောက်သူ များက ကမာရွတ်လှည်းတန်းတွင် မေ၂၇က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။
"ရန်ကုန်ကနေ ပုဂံအရောက်ကို သိန်း ၂၀ နဲ့ ၆ ထောင်ပဲရတယ်လို့ စာရင်းပြတယ်။ နောက်ပြီး စာရင်းတွေကလည်း မှားနေတယ်။ လမ်းလျှောက်အဖွဲ့ကိုထောက်ပံ့တဲ့ အလှူရှင်တွေရဲ့ငွေကိုလည်း ဘယ်လောက်ဆိုချမပြဘူး။ လမ်းလျှောက်သူတွေဆီ ဘာမှရောက်မလာဘူး။ ကိုယ်စားရိတ်နဲ့ကိုယ်
လမ်းလျှောက် ခဲ့ရတယ်"ဟု မြစ်ဆုံလမ်းလျှောက်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။
မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်တန့်သွားရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ပံ့ပိုးမှုဖြင့်လမ်းလျှောက်ခြင်းကို ပြုလုပ်မည်ဟုပြောကြားခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်အနေဖြင့် တာဝန်ယူမှု၊ ပံ့ပိုးကူညီမှု တစ်စုံတစ်ရာမရှိသည့် အပြင် စာရင်းလိမ်လည်၍ရှင်းတမ်း ထုတ်ပြုလုပ်ခဲ့သည်ဟု လမ်းလျှောက်အဖွဲ့က ဆိုသည်။
"ကျွန်တော်တို့ကို မျောက်ပြဆန်တောင်းသွားတယ်။ ဖယောင်းချက်သွားတယ်။ မြစ်ဆုံကို လမ်းလျှောက်ကြတာ လူထုကထောက်ခံတယ်။ အောင်မြင်တယ်။ကိုယ့်လူတွေက သစ္စာဖောက်ကြတယ်။ ဘာပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာမှုရှိအောင်တော့ လုပ်ပေးစေချင်တယ်" ဟု လမ်းလျှောက်ရာတွင်ပါဝင်ခဲ့သော ဦးတင်ဝင်းက ပြောသည်။
အဆိုပါကိစ္စ နှင့်ပါတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ကိုမြင့်ဝင်းမောင်က "ငွေစာရင်းရှင်းတမ်းတွေ ထုတ်ထားပါတယ်။ အမှန်ကန်ထုတ်ထားတာပါ မမှန်ဘူးဆိုရင် လာပြောလှည့်ပါ"ဟုဖြေကြားခဲ့သည်။
မြစ်ဆုံလမ်းလျှောက်သူများအဖွဲ့သည် ရန်ကုန်မြို့မှ မတ် ၂၃ တွင် စတင်ထွက်ခွာခဲ့ပြီး မေ ၁၇ တွင် ကချင်ပြည်နယ် မြစ်ဆုံသို့ ရောက်ရှိခဲ့သည်။
Mizzima

No comments:
Post a Comment