မေလ ၁၉ ရက် ၂၀၁၄ ခုနှစ်
ကမ္ဘာ့နိုင်ငံ အသီးသီတွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ သီးနှံပျက်စီးမှုများ ဖြစ်ပေါ်လာပါက တောင်သူများအနေနှင့် သီးနှံအာမခံထား ရှိနိုင်ရေး အစီအစဉ် ရေးဆွဲထားကြောင်း CB Insurance အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းဟန်က ပြောကြားသည်။
လက်ရှိ ရေးဆွဲထားသော သီးနှံအာမခံကို အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က ခွင့်ပြုပေးပါက အဆိုပါ အာမခံ ဝန်ဆောင်မှုကို ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တောင်သူများ ဖြစ်သဖြင့် ရာသီဥတုကြောင့် သီးနှံများ ပျက်စီးမှု အာမခံထားနိုင်ရန်နှင့် အဆိုပါ သီးနှံလျော်ကြေးနှင့် ပတ်သက်၍ မိုးရေချိန်ပေါ် မူတည်ကာ ပျက်စီးဆုံးရှုံးမှုကို လျော်ကြေး ပေးအပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
သီးနှံအာမခံတွင် ပျက်စီးမှုအတိုင်း အတိအကျ ပေးလျော်သည့် အာမခံနှင့် မိုးရေချိန်ပေါ် မူတည်ကာ ပေးအပ်သည့် အာမခံနှစ်မျိုးရှိရာ မြန်မာနိုင်ငံတွင် ပျက်စီးမှုအတိုင်း အတိအကျပေးသည့် အာမခံအတွက် စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု တွက်ချက်နိုင်သည့် ကျွမ်းကျင်ဝန်ထမ်းနှင့် အချိန်မရနိုင်သဖြင့် အဆိုပါ အာမခံပေးရန် မလွယ်ကူကြောင်း CB Insurance အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းဟန်က ထပ်လောင်းပြောကြားသည်။
“မိုးရေချိန်ဆိုတာ မိုးလေဝသဌာနက ရနိုင်တဲ့အတွက် မိုးရေချိန်နဲ့ အထွက်နှုန်း ဆက်စပ်မှုကို တွက်ချက်ပြီးတော့ အာမခံ ပေးလျော်တာက ပိုလွယ်တယ်” ဟု ၎င်းက ထပ်မံဆိုသည်။
ရမည်းသင်း မြို့နယ်တွင် မိုးသီးကြွေကျမှုကြောင့် စပျစ်စိုက်ခင်း ပျက်စီးမှုမှာ အစားထိုး ပြန်မရကြောင်း၊ သီးနှံအတွက် အာမခံမှာ စိုက်ပျိုးသူများအတွက် မျှော်လင့်နေသည့် အာမခံ ဖြစ်ကြောင်း သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးကိုထွေးက ပြောကြားသည်။
“ခြံသမားတွေ အတွက်လည်း မီးအာမခံ ရချင်တယ်။ တောမီးလောင်ရင် ပါပါသွားလွန်းလို့ ခြံပိုင်ရှင်တွေ အာမခံထားခွင့်ရရင် ဆုံးရှုံးမှု ကုစားလို့ ရတာပေါ့” ဟု ၎င်းကဆိုသည်။
အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းက အာမခံ အမျိုးအစား ၄၈ မျိုး ဝန်ဆောင်မှုပေးနေရာ လက်ရှိတွင် ပုဂ္ဂလိက အာမခံလုပ်ငန်းရှင် ၁၂ ဦးသို့ အာမခံလုပ်ငန်း ၇ ခုကိုသာ လုပ်ကိုင်ခွင့်ပြုထားပြီး အခြားအာမခံ အမျိုးအစားများ ထပ်မံခွင့်ပြုရန် အစီအစဉ် ရှိကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
အများပြည်သူအနေနှင့် အာမခံထားရှိမှုမှာ ဗဟုသုတ နည်းနေသေးသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အာမခံ လုပ်ငန်းရှင်များက မြန်မာနိုင်ငံ အာမခံ လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနေကြောင်း မြန်မာနိုင်ငံတွင် အာမခံ ထားရှိသူဦးရေမှာ နိုင်ငံလူဦးရေ၏ ၀ ဒသမ ၀၅ ရာခိုင်နှုန်းသာ ရှိကြောင်း CB Insurance အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းဟန်က ထပ်လောင်းပြောကြားသည်။
The Voice Weekly

No comments:
Post a Comment