Wednesday, May 21, 2014

နော်ဝေနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပူးတွဲ မဟာဘွဲ့ပေးမည်

Tuesday, May 20, 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် နော်ဝေ သိပ္ပံနည်းပညာတက္ကသိုလ်တို့၏ သဘောတူစာချုပ်အရ စီမံခန့်ခွဲမှု မဟာဘွဲ့ (Master of Management Programme) ကို မြန်မာနိုင်ငံတွင် သင်ယူ၍ နှစ်နိုင်ငံ အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရယူနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန် စီးပွားရေးတက္ကသိုလ် တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းပညာသင် အခွင့်အလမ်းအတွက် နှစ်နိုင်ငံ တက္ကသိုလ်အချင်းချင်း မေလ ၁၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးထားပြီ ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

နှစ်နိုင်ငံတက္ကသိုလ် ပူးပေါင်းသော စာချုပ်သက်တမ်းကို ငါးနှစ် သတ်မှတ်ထားပြီး သင်တန်းသား အရည်အချင်းနှင့် ဝင်ခွင့် သတ်မှတ်ချက်များကို ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ရန်ကုန် စီးပွားရေးတက္ကသိုလ် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“စီမံခန့်ခွဲမှု ဌာနမှာလည်း သင်နေတဲ့ Program တွေ ရှိတဲ့အတွက် အချိန်ပြန်ညှိနေရလို့ပါ” ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

စီမံခန့်ခွဲမှု မဟာဘွဲ့အပြင် သတင်းအချက်အလက်နှင့် နည်းပညာ (ICT) နှင့် စွမ်းအင်ဆိုင်ရာ ဘာသာရပ်များ သင်ကြားရေးအတွက်လည်း ညှိနှိုင်းနေပြီ ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း ပြည်ပတက္ကသိုလ်များနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးခြင်းကို သက်ဆိုင်ရာ ပါမောက္ခချုပ်များထံ လုပ်ပိုင်ခွင့် ပေးခဲ့သည့် အတွက် တက္ကသိုလ်အချင်းချင်း ပညာရေးစီမံချက် များစွာ စီစဉ် ဆောင်ရွက်လာကြသည်။

The Voice Weekly

No comments: