Wednesday, May 28, 2014
၂၀၁၅ ကို နီးကပ်လာသည်နှင့်အမျှ ၂၀၁၅ ရွေးကောက်ပွဲကို မကျင်းပါခင် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို နှစ်ကုန်ပိုင်းမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြောကြားထားတာရှိပါတယ်။ ဒါကြောင့် ယခု ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေကတော့ မိမိတို့ပါတီ အနိုင်ရရှိဖို့အတွက် စည်းရုံးလုပ်ဆောင် နေကြသလို အင်အားအကြီးဆုံး အတိုက်ခံပါတီဖြစ်တဲ့ NLD ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုကြည်လည်း သူမ အနိုင်ရရှိဖို့အတွက် စည်းရုံးဟောပြောမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာပါတယ်။ မေလကုန်ခါနီးလောက်က လွှတ်တော်မှာ မီဒီယာတွေနဲ့ဒေါ်စု တွေ့တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး သမ္မတကြီးမှာ ပြောပိုင်ခွင့်မရှိဘူးလို့ထင်တယ်... ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်နဲ့ပဲဆိုင်တယ်.. လွှတ်တော်က ဆုံးဖြတ်ရင် ပိုကောင်းမယ်ထင်တယ်...ဆိုပြီး သမ္မတအပေါ် မလိုလာသည့်ပုံစံမျိုး ပြောထားတာတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒေါ်စုကို သမ္မတဖြစ်မလာနိုင်အောင် တားဆီးထားတဲ့ဥပဒေကို သမ္မတကြီးအနေဖြင့် ပြောင်းပေးဖို့ အာဏာ မရှိဘူးလို့ ပြောထားတဲ့စကားကို ပြန်ထောက်ထားတာဖြစ်ပါတယ်။
ထို့အပြင် သူမအတွက် အဟန့်တားဖြစ်နေတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့အတွက် အောင်ပင်လယ်ကွင်း ဟောပြောပွဲ မှာလဲ တပ်မတော်ကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ တပ်မတော်အပေါ် စိန်ခေါ်စကားနဲ့ ပက်သက်ပြီးတော့ တပ်မတော်ဘက်ကကော၊ မီဒီယာတွေဘက်ကကော ပြင်းပြင်းထန်ထန် ထောက်ပြပြောဆိုမှုတွေ ဖြစ်လာပါတယ်။ တရားဥပဒေ စိုးမိုးရေးကော်မတီမှလဲ သတိပေးတဲ့ အကြောင်းကြားစာလဲ ပေးပို့ထားခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်စု အနေနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေအကြောင်းကို အမှန်တကယ် သိရှိနားလည်သူဖြစ်လျှင် အပြောနဲ့မဟုတ်ပဲ လက်တွေ့လိုက်နာရန် လိုအပ်ပါသည်။ ဥပဒေကို မလိုက်နာပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီမှတ်ပုံတင် ရုပ်သိမ်းခံရပြီး ပါတီဖျက်သိမ်းခံရနိုင်တာကိုလဲ သဘောပေါက်သင့်ပါတယ်။ ဒါအပြင့် ဒေါ်စု အနေဖြင့် မိမိအဆင့်၊ မိမိသိက္ခာနဲ့တန်တဲ့ စကားများသာ ပြောသင့်ပါတယ်။ မိမိလိုတာမရလို့ ရန်တွေ့တဲ့ပုံစံမျိုး စကား အသုံးအနှုန်းတွေ မပြောသင့်ပါဘူး။
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ပုဒ်မ ၄၃၆ ကိုပြင်ဖို့ စည်းရုံးရေးမဲဆွယ်ပွဲဆိုရင်လဲ ရန်ကုန်၊ မန္တလေး ဟောပြော ပွဲတွေလောက် လူထုစိတ်ဝင်စားမှုမရှိတော့ပဲ ကလေးတွေလောက်သာ ထူးဆန်လို့လာကြည့်တဲ့ ပွဲပုံစံဖြစ်သွားပါတယ်။ ဒါကိုလဲ ဒေါ်စုကိုယ်တိုင် လာရောက်သူတွေက အသက် ၁၈ နှစ်မှ ပြည့်ရဲ့လားဆိုပြီး အားမလိုအားမရ ပြောဆိုခဲ့တာ ရှိပါတယ်။ ဒါဘာလဲဆိုတော့ အရှင်းဆုံးနားလည်အောင် ပြောရလျှင် ၄၃၆ ကို ဒေါ်စုပြင်လို သည်မှာ နိုင်ငံ့စီးပွားရေး အတွက်မဟုတ်၊ နိုင်ငံတိုးတက်ဖို့အတွက်မဟုတ်၊ လူထုအတွက်လဲမဟုတ်ပဲ ၎င်းသမ္မတ လုပ်နိုင်ရေးအတွက်သာ ဦးတည် နေကြောင်းကို လူထုမှနားလည်လာလို့ဖြစ်ပါတယ်။ ဒါအပြင့် ပုဒ်မ ၄၃၆ ပြင်ချင်တယ်ဆိုတာရဲ့ နောက်ကွယ်မှာ ၅၉ (စ) ကို ပြင်ဆင်ရန် အဓိက အတားအဆီးဟာ ပုဒ်မ ၄၃၆ ဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၄၃၆ ကို ဒေါ်စုသမ္မတဖြစ် ရေးအတွက် ရည်ရွယ်ပြီး ဒေါ်စုကိုယ်တိုင် ဦးဆောင်ကာ NLD မှ လက်မှတ် ကောက်ခံနေခြင်းဖြစ်သည်။
ထို့အပြင် ဒေါ်စုဟာ ပုဒ်မ ၄၃၆ နဲ့ ပတ်သတ် ပြီး ရွေးချယ်တင်မြောက်ထားခြင်းမရှိတဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅% ဆုံဖြတ်ပိုင်ခွင့်ရှိတာ မဖြစ်သင့်ဘူးဆိုပြီး ပြောထားတာရှိပါတယ်။ အမှန်တစ်ကယ် စဉ်းစားကြည့်ရင် ပုဒ်မ ၄၃၅ အရ ဥပဒေကို ပြင်ဖို့  ၂၀% က ထောက်ခံထားပြီးသားလို့ တွက်ဆနိုင်ပါတယ်။ နောက်ထပ် ၅၀% ကျော်ပဲ သဘောတူဖို့ လိုပါတယ်။ တပ်မတော်သား လွှတ်တော်အမတ် ၂၅% ရှိတဲ့အထဲက တစ်ယောက်မှ သဘောမတူဘဲနဲ့တော့ မနေပါဘူး ။ တစ်ယောက် သဘောတူတာနဲ့ ၇၅% က ကျော်ပြီပဲ။ သေချာတာက တော့ လွှတ်တော်ထဲမှာ NLD ပါတီ တစ်ခုတည်း ပြောင်းချင်နေလို့မရပါဘူး။ တစ်ခြားပါတီတွေရဲ့ သဘောထားလည်း ရှိပါသေးတယ်။ ဒါကြောင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့  ၅၀% ပဲလိုတယ်ဆိုရင်တောင် ဒေါ်စု အတွက်သာ ရည်ရွယ်နေတဲ့အတွက် မသေချာနိုင်သေးပါဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအပေါ် အမြတ်ထုတ်ပြီး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပေမယ့် လှုပ်ရှားမှုတွေအစား တိုင်းရင်းသား တွေအတွက် အကျိုးရှိမယ့် ပုဒ်မတွေ့ကိုပြင်ဆင်ဖို့သာ ဦးစားပေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
credit to: ဇော်မောင်(မကွေး)

No comments:
Post a Comment