မြန်မာ-အီးယူ ပထမအကြိမ် လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲကို
မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂ဝ၁၄ ခုနှစ်၊ မေ ၂ဝ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲသည် လူ့အခွင့်အရေး နယ်ပယ်တွင် မြန်မာနှင့် အီးယူ နှစ်ဖက်အကြား ပိုမို ခိုင်မာသည့် ဆက်ဆံရေး ဖြစ်ပေါ်စေမည့် ကတိကဝတ် ကိုခိုင်မာ စေပါသည်။ ဤ ဆွေးနွေးပွဲသည် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် မြန်မာ- အီးယူ လုပ်ငန်းအဖွဲ့အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မှု ဖြစ်ပါသည်။ မြန်မာ- အီးယူ လူ့အခွင့် အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု များကို အကူအညီ ပေးရန်နှင့် နှစ်ဖက် ဆက်ဆံရေးကို ပိုမို နက်ရှိုင်းစေမည့် အီးယူ၏ ခိုင်မာသော ကတိကဝတ်ကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနှင့် အီးယူတို့ အကြား နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများဖြင့် တူညီသည့် ရပ်တည်ချက်များကို အားပေးအားမြှောက် ပြုခြင်းဖြင့် နှစ်ဖက် နားလည်မှု ပိုမို တိုးတက် လာစေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေမည့် ကဏ္ဍပေါင်းစုံကို အကျယ်တဝင့် ဆွေးနွေး ခဲ့ကြသည်။
မြန်မာနှင့် အီးယူ တို့သည် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့် ကာကွယ်ရန်တို့ အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာကွန် ဗင်းရှင်းနှင့် စာချုပ်များသို့ အတည်ပြု ပါဝင်နိုင်ရန် အတွက် အလေ့အကျင့် ကောင်းများ ဖလှယ်သွားရေး မြှင့်တင် ဆောင်ရွက်ရေး၊ စိန်ခေါ်မှုများ ဖော်ထုတ်ရေး၊ နှစ်ဖက် အကျိုးစီးပွား အတွက် ပူးပေါင်း ဆောင်ရွက် သွားနိုင်မည့် နယ်ပယ်များတွင် ဆက်သွယ်မှုများကို တိုးမြှင့်သွားရေး စသည့် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များ အပေါ် ဆွေးနွေး ခဲ့ကြပါသည်။
ဆွေးနွေးပွဲ အတွင်း နှစ်ဖက် စလုံး၏ လက်ရှိ လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေး သုံးသပ်ခဲ့ကြ ပါသည်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများ၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ အမုန်းပွားရေး ဆိုင်ရာ ပြောဆို ရေးသားမှု၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးများ၊ မြေယာပိုင်ဆိုင်ခွင့်၊ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးနှင့် ခွဲခြားမှု မပြုရေး အစရှိသည့် အဓိက အလေးပြုရမည့် လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။ ရခိုင်ပြည်နယ် အခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့ပါသည်။
မြန်မာ-အီးယူ လူ့အခွင့်အရေး ဆွေးနွေးပွဲကို မြန်မာဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် အီးယူဘက်မှ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် စတာဗ်ရော့လန်ဘရီနီဒစ် တို့မှ ပူးတွဲ သဘာပတိ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အီးယူ သံအမတ်ကြီး မစ္စတာရိုလန်ကိုဘီရာ တို့လည်း ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။
ယခု ဆွေးနွေးပွဲ မတိုင်မီ လူမှု အသိုက်အဝန်း ဖိုရမ်တစ်ရပ်ကို ရန်ကုန်မြို့၌ မေ ၁၉ ရက်နေ့က ကျင်းပခဲ့ပြီး လူ့အခွင့်အရေး နယ်ပယ်တွင် မြန်မာနှင့် အီးယူတို့၏ အောင်မြင်မှုများနှင့် ကျန်ရှိနေသေးသည့် စိန်ခေါ်မှု များကို လူမှု အသိုက်အဝန်းနှင့် လူ့အခွင့်အရေး ကိစ္စ ဆောင်ရွက် နေသူများနှင့် ဆွေးနွေး ခဲ့ကြပါသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန နေပြည်တော်
ရက်စွဲ၊ ၂ဝ၁၄ ခုနှစ်၊ မေလ ၂ဝ ရက်

No comments:
Post a Comment