Tuesday, May 13, 2014

FDA အဖွဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးရေးကိစ္စ ပြင်ဆင်

Tuesday, May 13, 2014


ပါတီတွေရန်ပုံငွေရှာဖွေရေးကိစ္စအပါအ၀င် ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေမူကြမ်းမှာပါတဲ့ ပြင်ဆင်လိုတာတွေ ကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့ FDA က ဒီနေ့ ပြောပါတယ်။

နိုင်ငံရေးပါတီ ၁၁ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ရဲ့ ဒီနေ့ အစည်းအဝေးမှာ ကော်မရှင်နဲ့တွေ့ဆုံရင် ဘာတွေဆွေးနွေးကြမလဲဆိုတာကို ပြင်ဆင်တဲ့သဘောဖြစ်ကြောင်း FDA အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

"ကန့်ကွက်ဆွေးနွေးတာတို့ ပိုက်ဆံသွင်းတာတို့ပါမယ်၊တခြား ကိစ္စတွေရှိပါသေးတယ်၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ရံပုံငွေရှာဖွေရေး ကိစ္စတို့ ကောင်းစေချင်တဲ့ သဘောတူညီချက်လောက်ပဲ ရပါတယ် ၊အသေးစိတ်တွေက ၁၄ ရက်နေ့မှ ဆွေးနွေးပြီး ကျနော်တို့ ထုတ်ပြန်မှာပါ ၊ဒီမူကြမ်းမှာ ကန့်ကွက်မှာတွေ ရှိပါတယ်၊ကန့်ကွက်ရမှာတွေ ကန့်ကွက်ဖို့ အတွက် ကျနော်တို့တိုင်ပင်နေပါတယ် ဒီနေ့က လူလည်းသိပ်မစုံဘူး"

ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးခွင့် ၊ ပါတီတွေရဲ့ ရွေးကောက် ပွဲရန်ပုံငွေ စတဲ့ အချက်တွေပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေမူ ကြမ်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရေးဆွဲထားပြီး နိုင်ငံရေးပါတီတွေထံ ဖြန့်ဝေထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ လာမယ့် မေ လ ၁၅ ရက်နေ့ ရန်ကုန်မြို့မှာတွေ့ဆုံပြီး အဲ့ဒီနည်းဥပဒေမူကြမ်း အပေါ် နိုင်ငံရေးပါတီတွေရဲ့ သဘောထားတွေကို လက်ခံဆွေးနွေးသွားမှာဖြစ် ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA ဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ၊ ချင်းတိုးတက်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၁၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုပါတီဖြစ်ပါတယ်။

RFA Burmese

No comments: