Wednesday, May 14, 2014
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကိစ္စများသာ ဆွေးနွေးရန် ကျန်တော့ကြောင်း UPWC ၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၁၃ ရက်တွင် ပြောကြားသည်။
UPWC နှင့် KIO တို့၏ တတိယအကြိမ် မြစ်ကြီးနားဆွေးနွေးပွဲအဖွင့်တွင် ဦးအောင်မင်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
UPWC နှင့် KIO တို့၏ တတိယအကြိမ် မြစ်ကြီးနားဆွေးနွေးပွဲအဖွင့်တွင် ဦးအောင်မင်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
"အစိုးရနဲ့ NCCT ကြားမှာ နိုင်ငံရေးဆွေးနွေးပွဲကြီးကို ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၉၀)အတွင်း စတင်ဖို့ Single Text ပထမမူကြမ်းအတွင်းမှာ သဘောတူထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲလုပ်၊ မလုပ်ဆိုတဲ့မေးခွန်းဟာ မေးစရာကို မဟုတ်တော့ပါဘူး" ဟု ဦးအောင်မင်းကဆိုသည်။
"အစိုးရနှင့် NCCT တို့ ဆက်လက်ဆွေးနွေးဖို့ကျန်တာက နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုလုပ်မလဲ၊ ဘယ်တော့လုပ်မလဲ၊ ဘာတွေဆွေးနွေးမလဲဆိုတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ သမ္မတကြီးအနေနဲ့လည်း ခွဲထွက်ရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးဆုံးရှုံးစေတဲ့ အကြောင်းနှစ်ရပ်ကလွဲရင် ကိစ္စအကြောင်းအရာအားလုံးကို နိုင်ငံရေးဆွေးနွေးပွဲကြီးမှာ ဆွေးနွေးလို့ရတယ်လို့ လမ်းဖွင့်ထားပေးပြီး ဖြစ်ပါတယ်" ဟု ဦးအောင်မင်းက ပြောကြားသည်။
လက်ရှိဆွေးနွေးချက်များအရ အစိုးရနှင့် NCCT အကြား အပြုသဘောဆောင်သော တိုးတက်မှုများရှိခဲ့ပြီး ထိုဖြစ်စဉ်အပေါ်တွင်သာ အားစိုက်နေသဖြင့် အစိုးရနှင့် KIO အကြား ဆက်လက်လုပ်ဆောင်ရမည့် အချက်များကို လုပ်ဆောင်ရန် အားနည်းခဲ့ရသည်ဟု ဦးအောင်မင်းကဆိုသည်။ ထို့ကြောင့် မကြာသေးမီက ဖြစ်ပွားခဲ့သောတိုက်ပွဲများကို သင်ခန်းစာယူ၍ အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်ပြိုင်နက်တည်း ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း တိုက်တွန်းသည်ဟု ဦးအောင်မင်းက ပြောကြားသည်။
"အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတယ်ဆိုတာနဲ့ တိုက်ပွဲတွေက အလိုလိုရပ်သွားတာ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေးခိုင်ခန့်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေ အများကြီးကျန်ရှိပါသေးတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ အခြေအနေမှာတောင် တိုက်ပွဲတွေရပ်ဖို့လုပ်ရတာ ခက်တယ်ဆိုရင် အပစ်အခတ်မရပ်ထားတဲ့ အဖွဲ့တွေနဲ့အကြားမှာ သေနတ်သံတွေရပ်အောင်လုပ်ရတာ ပိုပြီးခက်ပါတယ်။ အပစ်အခတ်ရပ်စဲရေးမရှိတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ရတာ ပိုပြီးခက်ခဲပါတယ်။ တစ်ဖက်က ပူးပေါင်းဆောင်ရွက်တာကို တစ်ဖက်က အခွင့်ကောင်းယူမှာလားဆိုတဲ့ စိုးရိမ်ချက်က နှစ်ဖက်လုံးမှာ ရှိပါတယ်" ဟု ဦးအောင်မင်းကဆိုသည်။
အစိုးရနှင့် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်မူကြမ်းကို မကြာမီအချိန်တွင် အချောသပ်ပြီး သြဂုတ်လအမီ လက်မှတ်ရေးထိုးရန် မျှော်မှန်းထားသည်။ သို့သော် အဆိုပါအပစ်ရပ်မူကြမ်းအတွက် ညှိနှိုင်းမှုများမှာ ယခုအချိန်အထိ ပြီးပြတ်ခြင်းမရှိသေးဘဲ ဆွေးနွေးနေရဆဲဖြစ်သည်။
Eleven Media Group
(UPWC ဒုဥက္ကဋ္ဌဦးအောင်မင်းနှင့် KIO မှ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်တို့အား ဆွေးနွေးပွဲအပြီး တွေ့ရစဉ်)

No comments:
Post a Comment