Thursday, June 12, 2014

နေအိမ် ဖယ်ရှားခံရသော ကျူးကျော်များကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချပေးမည်

Thursday, June 12, 2014

နေအိမ်များကို ဖယ်ရှားခံထားရသည့် မြေယာ ကျူးကျော်သူများနှင့် အမှန်တကယ် နေထိုင်ရန် မြေနေရာ မရှိသူများကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချထားပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ဇွန် ၁၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ကျူးကျော်ပြဿနာ ဖြေရှင်းခြင်း အပါအဝင် အိမ်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ အင်းစိန်၊ မင်းဓမ္မ၊ မိကျောင်းကန်နှင့် လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာတို့ကို အာဏာသုံး ဖယ်ရှားခဲ့ခြင်း ဖြစ်သောကြောင့် ယခုကဲ့သို့ မေးမြန်းရခြင်း ဖြစ်ကြောင်း သူရဦးအောင်ကိုက ထပ်လောင်း ပြောဆိုသည်။

ထို့အပြင် (၂၀၁၁ မှ ၂၀၁၅ ခုနှစ်) တွင် အိမ်ယာပေါင်း ၃၅၀၀၀ အထိ ဆောက်လုပ်ပေးသွားမည်ဟု ဆိုသော်လည်း အများပြည်သူ ဝယ်ယူနိုင်မည့် ဈေးနှုန်းနှင့် ရောင်းချမည့် ပုံစံကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် ဖြစ်သော ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် ၁၄ နှစ်တာ ကာလအတွင်း အိမ်ရာယူနစ်ပေါင်း ၁၀,၀၀၀ ကျော်ခန့်နှင့် တပ်မတော် အစိုးရလက်ထက် ၁၉၈၈-၂၀၁၀ ခုနှစ် ၂၂ နှစ်တာ ကာလအတွင်း အိမ်ရာယူနစ်ပေါင်း ၅၅,၀၀၀ ခန့် ဆောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း ဦးစိုးတင့်က ထပ်လောင်း ပြောကြားသည်။

ကျူးကျော်နေအိမ်များကို အစိုးရက အင်အားသုံး ဖယ်ရှားခြင်းသည် ယခုအစိုးရ လက်ထက်တွင် ကြီးမားသည့် ပြဿနာ တစ်ခုအဖြစ် ရှိနေကြောင်း သူရဦးအောင်ကိုက လွှတ်တော်သို့ တင်ပြ ပြောဆိုသည်။

The Voice Weekly

No comments: