Thursday, June 19, 2014
ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ်ပြီး ကျောင်းတိုက်တွင်း သီတင်းသုံးနေသည့် သံဃာများကို ဇွန်လ ၁၀ ရက်နေ့ညက အကြမ်းဖက် ဖယ်ရှားခဲ့မှုနှင့် ပတ်သက်၍ အထက်မြန်မာပြည် သံဃသမဂ္ဂ အဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကာ အမြန်ဆုံး ပွင့်လင်းမြင်သာစွာ မဖြေရှင်းပေးပါက ဆန္ဒဖော်ထုတ်ပွဲများကို အရှိန်အဟုန်မြှင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ် ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို စာနယ်ဇင်းမီဒီယာများကတစ်ဆင့် ထုတ်ပြန် ကြေညာခြင်း ဖြစ်ပြီး လူဝတ်လဲခံရသည့် သံဃာတော်များ ရုံးထုတ်သည့် အခြေအနေပေါ် မူတည်ကာ ဆန္ဒပြမည့် အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းသမဂ္ဂအဖွဲ့ဝင် ဆရာတော် ဦးသောဘိတ (မဟာဂန္ဓာရုံ) က မိန့်ကြားသည်။

ယင်းထုတ်ပြန်ချက်တွင် ဇွန်လ ၁၀ ရက်နေ့ညက မဟာသန္တိသုခကျောင်းတိုက်၌ ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာသမိုင်း၊ မြန်မာ့သမိုင်းတွင် အရုပ်ဆိုး အကျည်းတန်လှသော သံဃာများနှင့် ရဲများ ပါဝင်သော အကြမ်းဖက်မှုကြီးကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ယင်းအမှုကိစ္စနှင့် ပတ်သက်၍ မတရားအကြမ်းဖက် ဖမ်းဆီးထားခြင်း ခံရသော သံဃာငါးပါးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ မဟာသန္တိသုခ ကျောင်းတော်ကြီး ကိစ္စနှင့် ပတ်သက်၍ ဝိနည်းဓမ္မကံ တရားနည်းလမ်းအတိုင်း ဆောင်ရွက် အဖြေရှာပေးရမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရေစီ စံညွှန်းနှင့် မညီသော နယ်ပယ်ပေါင်းစုံတွင် အကြမ်းဖက် လုပ်ဆောင်ချက်များကို လည်းကောင်း၊ အထူးသဖြင့် ရဟန်းသံဃာထု၏ ညီညွတ်ငြိမ်းချမ်းရေးကို ဖြိုခဲ့သော လုပ်ဆောင်ချက်များကို လည်းကောင်း (ဥပမာ- မဟာသန္တိသုခကိစ္စ၌ ရဲများနှင့်အတူ ရဟန်းသံဃာများ ပါဝင် ဆောင်ရွက်စေခြင်း) ကို အပြင်းအထန် ရှုတ်ချကြောင်း ယင်းထုတ်ပြန်ချက်အရ ထပ်မံသိရသည်။
မန္တလေးမြို့တော်ကို အခြေပြုကာ အထက်မြန်မာပြည် သံဃသမဂ္ဂအဖွဲ့ချုပ်က ရန်ကုန်မြို့တော် မဟာသန္တိသုခကျောင်းတိုက် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဇွန် ၁၇ ရက်နေ့က သဘောထားကြေညာချက် တစ်စောင်ကို အဖွဲ့ဝင် သံဃာတော်များ လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည်။
The Voice Weekly
No comments:
Post a Comment