Sunday, June 08, 2014

အပစ်အခတ်ရပ်စဲရန် လက်မှတ်ထိုးရုံဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရမည် မဟုတ်ဟု သမ္မတပြောကြား

Sunday, June 08, 2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူလက်မှတ် ရေးထိုးနိုင်ရုံမျှဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ဦးမည် မဟုတ်ဟု ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓော ဘုရားခြေရင်းတွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေး အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

မတူညီသည့် အချက်များကို လက်နက်ဖြင့် ဖြေရှင်းပါက ပြီးဆုံးနိုင်မည် မဟုတ်ဘဲ တူညီသည့် အချက်များကို မှတ်တမ်းတင်၍ မတူညီသည့် အချက်များကို ထပ်ကာ ထပ်ကာ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် Political Dialogue သို့ ကူးပြောင်းမည် ဖြစ်ကြောင်း သမ္မတက ထပ်မံဆိုသည်။

“ဟိုတုန်းက တစ်ယောက်နဲ့ တစ်ယောက် ပစ်ခတ်တိုက်ခတ် လာခဲ့ပေမယ့် ခု စားပွဲမှာ ထိုင်ပြီး ရယ်ရယ်မောမော ပြုံးပြုံရွှင်ရွှင် ညှိနှိုင်းနေကြတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ပါတယ်။ သုံးနှစ်တာ ကာလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုကို ရပ်ဆိုင်းမယ့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အခြေအနေ ရောက်လာပြီ။ လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်။ ဒီလို လက်မှတ်ရေးထိုးပြီးရုံနဲ့ တိုင်းပြည်က ငြိမ်းချမ်းရေး ရမလာသေးဘူး။ ထာဝရငြိမ်းချမ်းရေး ရဖို့ဆို နိုင်ငံရေး ဆွေးနွေးပွဲတွေ အမြန်ဆုံး ဆက်လုပ်ဖို့ လိုတယ်” ဟု သမ္မတက တိုက်တွန်း ပြောဆိုခဲ့သည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်မှာလည်း ကတိကဝတ် အာခံချက် တစ်ခုသာဖြစ်ပြီး နိုင်ငံရေး မပြေလည်မှုများကို နိုင်ငံရေးစားပွဲဝိုင်းတွင် ဖြေရှင်းရန် လိုအပ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင်မှ ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

“သမ္မတပြောတာ မှန်တယ်။ နိုင်ငံရေးစားပွဲဝိုင်းမှာ မရှင်းနိုင်လို့ စစ်ရေးအရ ရှင်းခဲ့ရတာ။ ထောင်ထဲ ထည့်ခံရတယ်။ ရိုးရိုးသားသား ဖြေရှင်းခဲ့တာ မရှိဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအခေါ်အားလုံး ချို့ယွင်းနေတဲ့ အချိန်မှာတော့ အဲဒါက တစ်ရက်၊ တစ်လ၊ တစ်နှစ်နဲ့ ရနိုင်ဦးမှာ မဟုတ်သေးဘူး” ဟု ၎င်းက ထပ်မံ မှတ်ချက်ပြု ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွေမန်းက ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့ကို ဇွန်လ ၅ ရက်နေ့က တွေ့ဆုံရာတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ခိုင်မြဲရန်အတွက် ဥပဒေများ ရေးဆွဲပြဌာန်းရာတွင် တိုင်းရင်သားများ၏ အခွင့်အရေး ကာကွယ်ပေးသော အချက်များကို ပြည်ထောင်စုလွှတ်တော် နာယက အခွင့်အာဏာဖြင့် ကူညီ၍ ထည့်သွင်းရေးဆွဲမည်ဟု အသိပေး ပြောဆိုခဲ့သည်။

The Voice Weekly

No comments: