Monday, June 16, 2014

တရုတ်၏ ခြိမ်းခြောက်မှုကြောင့် ဖိလစ်ပိုင်၏ ရေတပ်အင်အား အရေးတကြီး တိုးချဲ့နေ

Monday, June 16, 2014
တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကြောင့် ဖိလစ်ပိုင် အနေဖြင့် ရေတပ်အင်အားကို တိုးချဲ့ရန် မဖြစ်မနေ ဆုံးဖြတ်ခဲ့ရသလို ယခုအခါ အမေရိကန်နှင့် ပူးပေါင်းပြီး ရေတပ်စခန်း တစ်ခုကို အလျင်အမြန် တည်ဆောက်လျှက် ရှိသည်။

တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်ကပ်ကပ်သာ ရှိခဲ့သည့် ရွာငယ်လေးတစ်ခုသည် ယခုအခါ အမေရိကန် စစ်သင်္ဘောများ ဆိုက်ကပ်ရာ စစ်အခြေစိုက်စခန်း တစ်ခုအဖြစ် သက်ဝင်လာတော့မည် ဖြစ်သည်။

အူလူဂန် ပင်လယ်အော်သည် သေးငယ်ပြီး လမုတောတန်းများနှင့် မျက်စိပသာဒ ဖြစ်စဖွယ် နေရာလေး အဖြစ်မှ ဖိလစ်ပိုင်၏ စစ်ရေးကဏ္ဍတွင် အသက်သွေးကြော အခြေစိုက် စခန်းတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲလာခဲ့သည်။

တောင်တရုတ် ပင်လယ်အတွင်း ကျွန်းစုအချို့ကို တရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့်နောက် ရေတပ်အင်အားကို ချဲ့ထွင်ရန် ဖိလစ်ပိုင်က ဆုံးဖြတ်ခဲ့ပြီး အူလူဂန်သည် အရေးပါသည့် ရေတပ်စခန်းတစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရသည်။

“ကျွန်တော်တို့ နိုင်ငံက ပိုင်ဆိုင်တဲ့ ကာလာယန်း ကျွန်းစုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးမှာ ဒီစခန်းဟာ အဓိက မျက်နှာစာတစ်ရပ် ဖြစ်လာနိုင်ပါတယ်”ဟု ဖိလစ်ပိုင် သမ္မတ ဘင်နစ်နို အကွီနိုက ကြေညာထားသည်။ ယခုအခါတွင်မူ ပင်လယ်ကွေ့ရှိ အသေးစား ရေတပ်အခြေစိုက် စခန်းလေးကို ကြီးကြီးမားမား အဆင့်မြှင့်တင် မွမ်းမံတည်ဆောက်ရန် ၎င်းက ဆုံးဖြတ်ထားခဲ့သည်။

ဖိလစ်ပိုင်သည် စပရတ်လီ ကျွန်းစုများ ပိုင်ဆိုင်ရေးအတွက် တရုတ်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး ယင်းကျွန်းစုများကို ဖိလစ်ပိုင်နိုင်ငံတွင် ကာလာယန်းဟု ခေါ်ဝေါ်ကြသည်။ အဆိုပါ ရေပိုင်နက်ကို ထိန်းချုပ်ရေးသည် နိုင်ငံတိုင်းအတွက် အလွန်အရေးပါပြီး ကမ္ဘာ့ရေကြောင်း သွားလာရေး ခရီးစဉ် အားလုံး၏ ထက်ဝက်နီးပါးမျှသည် အဆိုပါ ဒေသကို ဖြတ်သန်းသွားရပြီး ငါးသယံဇာတလည်း အလွန်ပေါကြွယ်ဝကြောင်း သိရသည်။

7 days

No comments: