Friday, June 06, 2014

အကြမ်းဖက်သမားများကို ပူးပေါင်းတိုက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူ

Friday, June 06, 2014

အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသို့ ဝင်ရောက်လာသည့် အကြမ်းဖက်သမားများကို နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များက ပူးပေါင်း တိုက်ခိုက်ရန် ဇွန်လ ၆ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျင်းပခဲ့သည့် အလံတင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အကြမ်းဖက်သမားများကို တိုက်ဖျက်ရေး အပါအဝင် တရားမဝင် ကူးသန်းသွားလာမှုကို တားမြစ်ရန်၊ အစည်းအဝေးအတွင်း တင်ပြချက်များကို အပြန်အလှန် လေးစားရန် အချက်သုံးချက်ကို သဘောတူညီခဲ့ကြောင်း နှစ်နိုင်ငံ ဆုံးဖြတ်ချက်အရ သိရှိရသည်။
ယင်းအစည်းအဝေးကို မြန်မာနိုင်ငံ မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သည့် ကိုယ်စားလှယ် ၁၈ ဦးပါ အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ Deputy Director General Second Commander Khon dokar farid Hassan ဦးဆောင်သည့် ကိုယ်စားလှယ် ၂၂ ဦးပါအဖွဲ့ တက်ရောက်ခဲ့သည်။

အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် ဘင်္ဂါလီ လက်နက်ကိုင် နှစ်ဦးသည် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက်သို့ ပေ ၈၀ ခန့် အကွာသို့ ချဉ်းကပ်လာစဉ် မြန်မာလုံခြုံရေး ကင်းပုန်းတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့ကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားသည်။

ယင်းလက်နက်ကိုင်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ တပ်ကြပ် အဆင့်ရှိသူ Nayek Mizanur Rahman ဆိုသူဖြစ်ပြီး ၎င်းကို ပြန်ပေးရန် တောင်းဆိုခဲ့ပြီး မေလ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်များကြား မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဆက်လက် ထုတ်ပြန်သည်။

ယင်းမတိုင်မီ မိုင်တိုင်အမှတ် ၅၂ တွင် မေလ ၁၇ ရက်နေ့က ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ (RSO) က ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သားလေးဦး ကျဆုံးခဲ့ပြီး ဒုတိယရဲအုပ် အဆင့်ရှိသူတစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ မေလ ၁၃ နေ့ကလည်း မိုင်တိုင် အမှတ် ၃၈၊ ၃၉ ကြားတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးကျဆုံး ပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments: