Monday, June 23, 2014

အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ အချက်အခြာမြို့ အားလုံးလိုလို ISIS တို့လက်အောက် ကျရောက်

Monday, June 23, 2014
 အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ အချက်အခြာ မြို့အားလုံးလိုလိုကို စစ်သွေးကြွများက ထိန်းချုပ်ထားလိုက်သည့်နောက် ဘဂ္ဂဒက်မြို့တော်၏ လုံခြုံရေးသည် ကြီးကြီးမားမား ခြိမ်းခြောက် ခံလာရပြီ ဖြစ်သည်။

ဆွန်နီအစ္စလာမ်မစ် တိုက်ခိုက်ရေးသမားများ၏ ကျောထောက်နောက်ခံ ပံ့ပိုးမှုနှင့်အတူ ISIS စစ်သွေးကြွများသည် ရွတ်ဘားမြို့ကိုလည်း သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ ဂျော်ဒန်နှင့် နယ်စပ်ဒေသမှ မိုင်(၉၀)မျှ အကွာတွင် တည်ရှိသည့် ရွတ်ဘားသည် ISIS တို့ လက်အောက်သို့ နှစ်ရက်အတွင်း စတုတ္ထမြောက်အဖြစ် ကျရောက်ခဲ့သော မြို့လည်း ဖြစ်လာသည်။

ISIS တို့သည် ဆီးရီးယားနှင့် နယ်စပ်ဒေမှ မြို့တစ်မြို့အပြင် အီရတ်အနောက်ပိုင်း ဒေသရှိ မြို့နှစ်မြို့ကိုလည်း သိမ်းယူထားပြီး ဘဂ္ဂဒက်သို့ ဦးတည် ချီတက်လာနေဆဲ ဖြစ်သည်။

ဇွန် ၂၂ ရက်နေ့က အီရတ်နိုင်ငံ မြောက်ပိုင်းရှိ စစ်သွေးကြွများ ထိန်းချုပ်ထားရာ တီကရစ်မြို့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်နောက် စစ်သွေးကြွ (၂၂)ဦး သေဆုံးခဲ့ကြောင်း အစိုးရက ကြေညာခဲ့သည်။ သို့သော်လည်း တိုက်လေယာဉ်များမှ ပစ်ခတ်လိုက်သည့် ဒုံးကျည်သည် ဓာတ်ဆီဆိုင် တစ်ဆိုင်ကို ထိမှန်ပြီး အရပ်သား အများအပြား သေဆုံးကြောင်း မျက်မြင်များက ဆိုသည်။

ဘဂ္ဂဒက်၏ လုံခြုံရေး တစ်စထက်တစ်စ ခြိမ်းခြောက်ခံလာရသော်လည်း အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကမူ အီရတ်အစိုးရကို လေကြောင်းပစ်ကူပေးရန် မဆုံးဖြတ်သေးဘဲ ရှိနေဆဲ ဖြစ်သည်။ ကိုင်ရိုသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက “ISIS တွေရဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှု အတွေးအမြင်တွေက အီရတ်ကိုသာ မကဘဲ ဒေသတစ်ခုလုံးအတွက် ခြိမ်းခြောက်မှု ဖြစ်လာပါပြီ”ဟု ပြောကြားခဲ့သည်။

လတ်တလောတွင် ISIS တို့သည် ရာဝါနှင့် အန်နာမြို့များကို ထိန်းချုပ်ထားလိုက်ပြီး ကွိမ်မြို့သည်လည်း စစ်သွေးကြွတို့ လက်အောက်တွင် ကျရောက်နေပြီ ဖြစ်သည်။ ဇွန်လ (၂၁)ရက်နေ့ ကွိမ်မြို့တွင် တစ်နေ့လုံး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အီရတ်စစ်ဘက်မှ (၃၀)ထက်မနည်း ကျဆုံးခဲ့ကြောင်းလည်း သိရှိရသည်။

7 days

 



No comments: