Monday, August 04, 2014

သြဂုတ်လလယ်တွင် ရန်ကုန်၌ပြုလုပ်မည့် UPWC နှင့် NCCT တို့၏ဆွေးနွေးပွဲ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ရာနှုန်းပြည့်နီးပါး အချောသတ်နိုင်မည့် အခြေအနေရှိ



Monday, August 4, 2014
 
ယခုဩဂုတ်လလယ်တွင် ရန်ကုန်မြို့၌ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ရာနှုန်းပြည့်နီးပါး အချောသတ်နိုင်မည့် အခြေအနေရှိကြောင်း နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ တပ်မတော်ကိုယ်စားလှယ် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ဦးဆောင်သည့် UPWC နှင့် NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာဆလိုင်းလျန်မှုန်းတို့ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်အဖွဲ့တို့သည် ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် အလွတ်သဘော ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
အဆိုပါ အလွတ်သဘော တွေ့ဆုံမှုအပြီးတွင် NCCT မှ ဒေါက်တာဆလိုင်းလျန်မှုန်းက “ရန်ကုန်ဆွေးနွေးပွဲမှာ အပစ်ရပ်မူကြမ်းကို အချောသတ်နိုင်မယ်လို့ မျှော်လင့် တယ်။ ဘာလို့လဲဆိုတော့ သူတို့ကလည်း UPWC မှာ ဆွေးနွေးထားတဲ့အပေါ်မှာ ကျွန်တော်တို့လည်း လိုင်ဇာကိုအချောသတ်ပြီး သူတို့ကိုပေးလိုက်လို့ ရှိရင်တော့ မတွေ့ခင် ကြိုညှိလိုက်ရင်တော့ ပြေလည်နိုင်တယ်လို့ မြင်ပါတယ်” ဟုဆိုသည်။
နှစ်ဖက်ပူးပေါင်း ရေးဆွဲထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အချောသတ်နိုင်ရေးအတွက် UPWC ဘက်မှ ဩဂုတ် ၁၅ ရက်၊ ၁၆ ရက်များတွင် တွေ့ဆုံရန် အဆိုပြုထားပြီး NCCT ဘက်မှ ဩဂုတ် ၁၈ ရက်၊ ၁၉ ရက်နှင့် ၂ဝ ရက်များတွင်ပြုလုပ်ရန် အဆိုပြုထားရာ ဆွေးနွေးပွဲရက်ကို ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

မေလအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်ဆွေးနွေးပွဲတွင် UPWC နှင့် NCCT တို့အကြား အပစ်ရပ်စဲရေးစာချုပ် အချောသတ်နိုင်ရန်အတွက် အချက် ၃၁ ချက် ကျန်ရှိခဲ့သော်လည်း လက်ရှိဆွေးနွေးမှု အခြေအနေများအရ လာမည့်ရန်ကုန်ဆွေးနွေးပွဲတွင် အပစ်ရပ်စဲရေးမူကြမ်းကို အနည်းဆုံး ၉၅ ရာခိုင်နှုန်းခန့် အချောသတ်နိုင်လိမ့်မည်ဟု UPWC အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ ဦးလှမောင်ရွှေက ခန့်မှန်းပြောကြားသည်။

ပြီးခဲ့သည့် မေလအတွင်းက ပြုလုပ်ခဲ့သည့် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲအပြီးတွင် ညှိနှိုင်းရန်ကျန်ရှိသည့် မူဝါဒပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး NCCT အဖွဲ့က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးခေါ်ယူပြီး ခေါင်းဆောင်များ၏ သဘောထားဆုံးဖြတ်ချက်များ ရယူသကဲ့သို့ UPWC ဘက်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီထံမှ မူဝါဒပိုင်းဆိုင်ရာများကို ရယူထားပြီးဖြစ်သောကြောင့် လာမည့်ရန်ကုန်ဆွေးနွေးပွဲသည် ဆွေးနွေးရန်လွယ်ကူသည့် အခြေအနေရှိနေကြောင်း သိရသည်။

Eleven Media Group

No comments: