Sunday, September 7, 2014
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပညာရေးဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောတူလက်ခံခြင်းမရှိဘဲ ပြန်လည်ပြင်ဆင်ရန် သဘောထားမှတ်ချက် ၂၅ ချက်နှင့်အတူ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပညာရေးဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောတူလက်ခံခြင်းမရှိဘဲ ပြန်လည်ပြင်ဆင်ရန် သဘောထားမှတ်ချက် ၂၅ ချက်နှင့်အတူ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။
အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြီးသော်လည်း အမှန်တကယ် ပါဝင်လှုပ်ရှား တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးလောကသားများ ဖြစ်ကြသည့် ဆရာ၊ ဆရာမအများစုမှာ ဖတ်ကြည့်ဖူးခြင်းပင် မရှိကြပေ။
‘‘အမျိုးသားပညာရေးဥပဒေကြမ်းကို မဖတ်ဖူးဘူး။ တစ်နေ့တစ်နေ့ အခန်းထဲသင်ရမယ့် စာတွေနဲ့တင် မလည်ပတ်လှဘူး’’ဟု ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်မှ စတုတ္ထတန်းပြဆရာမတစ်ဦးက ပြောသည်။
အထူးသဖြင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမအများစုမှာ အဆိုပါ အမျိုးသားပညာရေးဥပဒေမူကြမ်းကို သိရှိနားလည်ခြင်းပင်မရှိကြဘဲ ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်သင်ကြားပေးရန်သာ ဆန္ဒရှိကြောင်း ဆရာ၊ ဆရာမများက ဆိုသည်။
‘‘ပညာရေးဥပဒေမူကြမ်းကို မဖတ်ဖူးဘူး။ ပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ပြီး ဆန္ဒပြနေကြတာတွေကိုတော့ သတင်းစာတွေထဲမှာ ဖတ်ရတယ်။ ကျွန်မတို့ကတော့ ကိုယ့်အခန်းက ကလေးတွေ စာပိုလိုက်နိုင်အောင် သင်ပေးနိုင်ဖို့ရယ်။ ကျောင်းမှာ ဆရာ၊ ဆရာမ အင်အားတွေ ပိုတိုးလာဖို့ကို ပိုလိုချင်တယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်နေ အသက်(၂၆)နှစ်အရွယ် ဆရာမတစ်ဦးကပြောသည်။
ထိုကဲ့သို့ ဆရာ၊ ဆရာမအများစု အမျိုးသားပညာရေးဥပဒေမူကြမ်းကို မသိရှိကြသည်မှာ ပညာရေးဥပဒေမူကြမ်းကို သက်ဆိုင်ရာ အောက်ခြေစာသင်ကျောင်းများအထိ ဆွေးနွေးပွဲများ မပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပညာရေးအသိုင်းအ၀ိုင်းမှ ဆိုသည်။
‘‘ပညာရေးဥပဒေမူကြမ်းမှာပါတဲ့ အချက်တွေသည် ငါတို့ရဲ့လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲခွင့်တွေ ဘယ်လောက်ရှိသလဲဆိုတာကို ဆရာ၊ ဆရာမတွေအတွက် ကျယ်ပြန့်တဲ့ အသိပညာပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အောက်ခြေအထိမလုပ်ခဲ့ဘူး။ ပါချုပ်တွေက သူတို့အတွက် သိပ်မဆိုင်ဘူး။ အလုပ်ရှုပ်တယ်လို့ မြင်နေတယ်’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ပြောသည်။
ပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများတွင် ပညာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာဌာနအသီးသီးရှိ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပညာရေးပညာရှင်များ၊ အကြံပေးပညာရှင်သာ တက်ရောက်ဆွေးနွေးလေ့ရှိပြီး အဆိုပါဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ဆွေးနွေးအတည်ပြုချက်များကို သတင်းထုတ်ပြန်လေ့မရှိကြောင်း ပညာရေးအသိုင်းအ၀ိုင်းမှ သိရသည်။
‘‘ကျောက်ဆည်က ဆရာများအားလုံးနီးပါးက ပညာရေးဥပဒေမူကြမ်းကို မမြင်ဖူး၊ မဖတ်ဖူးပါတဲ့။ ဘာမှန်းမသိလို့ ဘာမှတ်ချက်မှ မပေးတတ်ကြပါဘူး။ အဲဒါ ဘာလဲဆိုတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတာတောင် ပြည်သူကို မကြေညာပေးလို့ပဲ။ ဘာလို့မကြေညာလဲ မရိုးသားလို့ပါ’’ဟု ကျောက်ဆည်တက္ကသိုလ်မှ လက်ထောက်ကထိက ဦးဇော်မျိုးလှိုင်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေမူကြမ်းကို အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လေ့လာနိုင်ရန် မြို့နယ်ပညာရေးမှူးရုံးများတွင် ပေးအပ်ထားခြင်း မရှိသေးကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
‘‘ပညာရေးဥပဒေမူကြမ်းက မြို့နယ်ရုံးတွေမှာ မရှိသေးဘူး။ နောက်ဆုံးစိန်ရတုမှာ အစည်းအဝေး လုပ်ထားတာတွေ ရှိသေးတယ်။ အမှတ် (၁၊ ၂၊ ၃)မှာလည်း မရှိသေးဘူး’’ဟု အမှတ်(၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောသည်။
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီမှ ရေးဆွဲခဲ့သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်တွင် နိုင်ငံတော်ပိုင်သတင်းစာများ၌ ထည့်သွင်းဖော်ပြခဲ့သည်။
ဥပဒေကြမ်းတင်သွင်းချိန်က ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကော်မတီတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကြား သဘောထားကွဲလွဲမှု အများအပြားဖြစ်ပေါ်ခဲ့သော အမျိုးသားပညာရေးဥပဒေကို နိုင်ငံတော်သမ္မတက သဘောတူလက်ခံခြင်းမရှိဘဲ ပြန်လည်ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ထားသည်။
၎င်းမှတ်ချက်ပေး ပြင်ဆင်မှုများကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတထံသို့ ဒုတိယအကြိမ် ပြန်လည်ပေးပို့လျှင် ငြင်းဆိုခွင့်မရှိတော့ဘဲ လက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။ လက်မှတ်ရေးထိုးခြင်း မပြုပါကလည်း ခုနစ်ရက်ပြည့်လျှင် အမျိုးသားပညာရေးဥပဒေကြမ်းမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ အတည်ဖြစ်လာတော့မည် ဖြစ်သည်။
‘‘သမ္မတပြန်ပေးလိုက်တဲ့ သ၀ဏ်လွှာကို ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်ကို ဒါနဲ့ပတ်သက်တဲ့ အစီရင်ခံစာတင်ရမယ်။ အဲဒါကို လွှတ်တော်မှာ ဆွေးနွေးမှုတွေ ရှိကောင်းရှိလာနိုင်သလို ဥပဒေကြမ်းပူးပေါင်းကော်မတီကိုင်တဲ့အခါမှာ လိုအပ်တဲ့ တခြားပညာရှင်တွေ၊ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ ပညာရပ်အဖွဲ့အစည်းတွေကို လိုအပ်ရင်ခေါ်ပြီးတော့ ကြားနာတာ၊ ညှိနှိုင်းတာတွေရှိတတ်တယ်’’ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။
အဆိုပါ အမျိုးသားပညာရေးဥပဒေမူကြမ်းတွင် ပညာရေးလွတ်လပ်ခွင့်ကို အာမခံချက်ပေးထားခြင်းမရှိ၍ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER)၊ ကျောင်းသားသမဂ္ဂများနှင့် တက္ကသိုလ်ဆရာများအသင်းတို့က ၀ိုင်းဝန်းကန့်ကွက်ထားကြသည်။
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမဦးရေ သုံးသိန်းကျော်နှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ဆရာ၊ ဆရာမဦးရေ တစ်သောင်းကျော် တာဝန်ထမ်းဆောင်လျက်ရှိသော်လည်း အဆိုပါ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဖတ်ရှုပြီးသည့် ဆရာ၊ ဆရာမ ရာခိုင်နှုန်းမှာ နည်းပါးလျက်ရှိကြောင်း ပညာရေးအသိုင်းအ၀ိုင်းက ဆိုသည်။
‘‘ကျွန်တော်တို့ထက် အတွေ့အကြုံတွေ အများကြီးရှိတဲ့ ဆရာ၊ ဆရာမကြီးတွေ ပါဝင်ရေးဆွဲထားတာဆိုတော့ ကျွန်တော်တို့အနေနဲ့ ဝေဖန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပညာရေးစနစ်ကောင်းလာဖို့ ရည်ရွယ်ချက်တွေနဲ့ပဲ ရေးဆွဲထားတယ်လို့ မြင်ပါတယ်’’ ဟု နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ဆရာတစ်ဦးက ပြောသည်။
အမျိုးသားပညာရေးဥပဒေမူကြမ်း၌ ဆရာများ၏ အခန်းကဏ္ဍအတွက် အခန်း(၉)တွင်ပါရှိပြီး ပုဒ်မ (၅၀) မှ (၅၃) အထိ ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော် အမျိုးသားပညာရေးဥပဒေကြမ်း ပုဒ်မ (၄) အပိုဒ်ခွဲ (ဍ)တွင် ဖော်ပြသည့် ‘‘ပညာရေးဝန်ထမ်းအားလုံး ကိုယ်ကျင့်တရားကောင်းမွန်ကာ ကိုယ်ပိုင်ဆုံးဖြတ် ဆောင်ရွက်နိုင်မှုနှင့် ကိုယ်တိုင်တာဝန်ယူတတ်မှုတို့ ဖွံ့ဖြိုးလာမှုအပေါ် မူတည်၍ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်စနစ်ကို ကျင့်သုံးရေး’’ ဆိုသည့်အချက်မှာ ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာကို ထိပါးသဖြင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER)က ပြင်းထန်စွာကန့်ကွက်ကြောင်း ၎င်းတို့၏ သြဂုတ် ၁၉ ရက် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
‘‘ဆရာ၊ ဆရာမတွေဟာ သူတို့ကိုယ်သူတို့ အစိုးရ၀န်ထမ်းဖြစ်တယ်လို့ ခံယူထားတယ်။ အစိုးရတစ်ရပ်အနေနဲ့ ဒီဟာကို အကုန်လုံးပါဝင်ဖို့ လောဆော်တိုက်တွန်းသင့်တယ်။ ဆရာ၊ ဆရာမတွေ မဖြစ်မနေပါဝင်သင့်တယ်လို့ ညွှန်ကြားချက်ထုတ်ပေးမှ လုပ်ရဲမှာ။ အစိုးရ၀န်ထမ်းကနေ နိုင်ငံ့ဝန်ထမ်းဖြစ်တယ်။ ပြည်သူလူထုရဲ့မျက်နှာကို ထောက်ထားဖို့လိုတယ်ဆိုတဲ့ ခံယူချက်မျိုး ရှိဖို့လိုတယ်’’ဟု ယင်းကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ပြောသည်။
7 days
No comments:
Post a Comment