Monday, November 03, 2014

ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်အမီ ကံ့ကော်ပင်များ စိုက်နေ

Sunday, November 2, 2014

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့်အမီ ကံ့ကော်တော ပြန်ဖြစ်စေရန် တောင်ငူဆောင် နှင့် ရာမညဆောင်ရှေ့များ၌ ကံ့ ကော်ပင်များ စတင်စိုက်ပျိုးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါ ကံ့ကော်ပင်များကို ကျောင်းအ၀င် အဓိပတိလမ်းဘယ်ဘက်ခြမ်းရှိ တောင်ငူဆောင်နှင့်ရာမညဆောင်ရှေ့ရှိ နဂိုရှိနေသည့်ကံ့ကော်ပင်များကို ပြုပြင်ခြင်း၊ ကံ့ကော်ပင်အသစ်များ စိုက်ပျိုးခြင်းများကို နိုဝင်ဘာ ၂၉ ရက်ကစတင်ခဲ့ပြီး တစ်ပတ်အတွင်း ပြီးစီးအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်သူက ပြောသည်။

‘‘အရင်တုန်းက ရန်ကုန် တက္ကသိုလ်က ကံ့ကော်မြေလို့ နာ မည်ရခဲ့တဲ့အပေါ် သမိုင်းအမွေကို ပြန်လည်ထိန်းသိမ်းတဲ့ သဘော ပါ။ အခု သုံးနှစ်သား၊ လေးနှစ် သားရှိတဲ့ ကံ့ကော်ပင်တွေကို ရာ ပြည့်အတွက် ပန်းတွေပွင့်ပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်အောင်ဆို ပြီးတော့ စနစ်တကျနဲ့ စစိုက်နေပြီ။ ကျောင်းအ၀င် အဓိပတိလမ်း ဘယ်ဘက်ခြမ်းတစ်ခုလုံး ကံ့ကော်တောကြီး ပြန်ဖြစ်အောင် ရည်မှန်းထားတယ်’’ ဟု ပါမောက္ခချုပ်ဒေါက်တာအောင်သူက ပြောသည်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်၌ စတင်တည် ထောင်ခဲ့ပြီး လာမည့် ၂၀၂၀ တွင် နှစ်(၁၀၀)ပြည့်မည် ဖြစ်သည်။

‘‘ရန်ကုန်တက္ကသိုလ်က သမိုင်းတက္ကသိုလ်ဖြစ်တဲ့အပြင် ကမ္ဘာကျော် တက္ကသိုလ်တစ်ခု လည်း ဖြစ်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံ မှာ အကောင်းဆုံး၊ အကြီးဆုံးဖြစ် ခဲ့ဖူးတယ်။ သူ့ရဲ့ထင်ရှားတဲ့ အ မှတ်အသားက ကံ့ကော်ပင်တွေ များတာပေါ့။ ကံ့ကော်ပင် မြင် လိုက်တာနဲ့ ရန်ကုန်တက္ကသိုလ် မှန်း တန်းသိတာပဲလေ။ စွယ် တော်ရွက်ဆို ရန်ကုန်စက်မှု တက္ကသိုလ်မှန်း တန်းသိတယ် လေ။ ခေတ်အဆက်ဆက်မှာ ပစ် ထားခဲ့တဲ့အတွက် အဲဒီအပင်တွေ က နည်းတယ်။ သေတဲ့အပင်က သေ၊ ဒါကိုပြန်စိုက်တယ်ဆိုတော့ ကောင်းပါတယ်’’ ဟု စာရေးဆရာ မောင်သာချိုက ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှ စတင် ၍ ၀ိဇ္ဇာ၊ သိပ္ပံထူးချွန်သည့် ဘွဲ့ ကြိုသင်တန်းကျောင်းသားများအား ပြန်လည်ခေါ်ယူသင်ကြားပေးခဲ့ ခြင်းဖြစ်သည်။

ယခင်က ဘွဲ့လွန်ပါရဂူ၊မဟာ၊ဂုဏ်ထူးတန်းနှင့် ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

7Day News Journal

No comments: